ပီအက်စ်ဂျီ တိုက်စစ်ကစားသမား နေမာကတော့ နွေဈေးကွက်ထဲမှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖြစ်မယ်ဆိုရင် အခြားသော ကလပ်အသင်းတွေဆီ ပြောင်းရွှေ့သွားဖို့ထက် မန်ချက်စတာယူနိုက်တက်ဆီကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သိရှိရပါတယ်။

PSG misfit Neymar wants to join Man United this summer

Photo Credit : The Sun

အသက် (၃၁)နှစ်အရွယ် ဘရာဇီးလ် စူပါစတား ဘောလုံးသမားကြီး နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ မကြာသေးခင်ကမှ စာချုပ်သက်တမ်း တိုးမြှင့်ထားပေမယ့်လည်း လာမယ့်နွေမှာပဲ နေမာက ပီအက်စ်ဂျီနဲ့ လမ်းခွဲသွားရနိုင်ပြီး နေမာနဲ့ ပီအက်စ်ဂျီအသင်း ပရိသတ်တွေကြားမှာလည်း အဆင်မပြေမှုတွေ များစွာ ရှိနေတဲ့အတွက် နေမာလည်း ပဲရစ်ကနေ ထွက်ခွာချင်နေပါတယ်။ ဒီလို အနာဂတ် မရေမရာ ဖြစ်နေတဲ့ နေမာဟာ မန်ယူနိုက်တက် မန်စီးတီး ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ရပြီး နေမာကိုယ်တိုင်ကတော့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကိုသာ မျှော်လင့်နေတယ်လို့ သိရပါတယ်။

Photo Credit : Goal

ယူနိုက်တက် နည်းပြကြီး အဲရစ်တန်ဟက်ဂ်က အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မားကပ်စ်ရှ်ဖို့ဒ်အပြင် နောက်ထပ် ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ် ကစားသမားမျိုး လိုအပ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုထားခဲ့တာကြောင့် အသင်းပိုင်ရှင်တွေအနေနဲ့ တန်ဟက်ဂ်အတွက် သေချာပေါက် အရည်အသွေးမြင့် striker တစ်ဦးကို မဖြစ်မနေ ခေါ်ယူပေးရဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်က ဟာရီကိန်းကို အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး စပါးဘက်ကတော့ ကိန်းကို ပရီးမီးယားလိဂ် ကလပ်တွေဆီ လက်မလွတ်ချင်သလို ဖြစ်နေပြီး ယူနိုက်တက်ဆီ ရောင်းချဖို့ကိုလည်း ခါးခါးသီးသီး ငြင်းဆိုနေပါတယ်။

Photo Credit : Youtube

ဒီအချိန်မှာ ယူနိုက်တက်နဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ဖူးသူ နေမာက နွေမှာ အသင်းပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေတာမို့ ကိန်းကို မရရင် နေမာကိုများ ကြိုးပမ်းလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။ ခက်တာက နေမာဟာ ပီအက်စ်ဂျီနဲ့ (၄)နှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးတာကြောင့် နေမာရဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း(၁၀၀)အထက် ရှိနေနိုင်သလို မကြာခဏ ဒဏ်ရာရတတ်တာကလည်း ယူနိုက်တက်အတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။