လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်ခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေရတဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာက သူရဲ့ကစားသမားဘဝကို ပီအက်စ်ဂျီအသင်းမှာသာ အဆုံးသတ်သွားချင်နေတယ်လို့ The Athletic ရဲ့ နာမည်ကျော် သတင်းထောက် ဒေးဗစ်အော်စတိန်းက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : beIN SPORT

လက်ရှိမှာ အသက်(၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ပီအက်စ်ဂျီ ကစားသမားဘဝနဲ့ ဖြတ်သန်းရချိန်မှာ အမျိုးမျိုးသော ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကလပ်အသင်းဆီ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးနဲ့ ရောက်ရှိလာသူဖြစ်လို့ အသင်းပရိသတ်တွေရဲ့ မျှော်လင့်တကြီးနဲ့ နေမာအပေါ် demand အများကြီး ထားထားကြပေမယ့် နေမာက သူရဲ့ဒဏ်ရာ ပြသာနာ ပေါင်းစုံနဲ့ ရက်ပေါင်းများစွာ အနားယူခဲ့ရသလို အသင်းနဲ့ လက်တွဲဖြုတ်တော့မယ်ဆိုတဲ့ ကောလဟာလတွေလည်း မကြာခဏ ထွက်ပေါ်ခဲ့ရပါသေးတယ်။

Photo Credit : Sporting News

လက်ရှိ ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်မှု မခံယူခင်အထိ ၂၀၁၇ခုနှစ်ကနေ စတင်ပြီး ရက်ပေါင်း (၆၁၁)ရက်ခန့်အထိ အနားယူခဲ့ရတဲ့ နေမာဟာ သူ့အသင်းဟောင်း ဘာစီလိုနာအသင်း အပါအဝင် ကလပ်အသင်းတချို့နဲ့ သတင်းထွက်ပေါ်ခဲ့ပြီး နယူးကာဆယ်လို အသင်းမျိုးနဲ့ပါ သတင်းထွက်ခဲ့ရပေမယ့် နေမာကိုယ်တိုင်ကတော့ အသင်းမှာပဲ ဆက်နေခဲ့သလို မကြာသေးခင်ကလည်း အသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပါသေးတယ်။ နေမာက အခု ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ (၁၈)ဂိုးသွင်း (၁၇)ဂိုး ဖန်တီးထားနိုင်ခဲ့ပေမယ့် နေမာရဲ့ အနာဂတ်က အခုအချိန်ထိကို မရေရာသေးပဲ လာမယ့်နွေမှာ ကလပ်အသင်း တစ်သင်းသင်းဆီ ရောင်းချခံရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေဆဲသာ ဖြစ်ပါတယ်။

Photo Credit : The Athletic

ဒါပေမယ့် The Athletic ရဲ့ သတင်းဖော်ပြချက်တွေအရ နေမာက သူနဲ့ ပီအက်စ်ဂျီအသင်းတို့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဖြစ်တဲ့ ၂၀၂၇ခုနှစ်အထိ ပီအက်စ်ဂျီမှာ ဆက်လက် ရှိနေသွားဖို့ ဆန္ဒရှိနေသလို ပီအက်စ်ဂျီအသင်းမှာပဲ သူရဲ့ကစားသမားဘဝကို အဆုံးသတ်သွားဖို့အထိပါ စဉ်းစားထားတယ်လို့ သိရပါတယ်။ နေမာက သူရဲ့ကစားသမားဘဝ အဆုံးမသတ်ခင်မှာ ပီအက်စ်ဂျီအသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတာပဲ ဖြစ်ပါတယ်။