ဆော်ဒီစူပါလိဂ်ပြိုင်ပွဲရဲ့ အင်အားကြီး ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အယ်လ်ဟီလယ်အသင်းက GOAT ကြီး လီယွန်နယ်မက်ဆီကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာနဲ့ ခေါ်ယူဖို့ အသေအချာ ကြိုးပမ်းခဲ့ပေမယ့် မက်ဆီက ဒေးဗစ်ဘက်ခ်ဟမ်းရဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကိုသာ ရွေးချယ်ခဲ့တာကြောင့် အခုတော့ နေမာကို ပြောင်းလဲ စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ဘောလုံးရာသီတွေမှာ ဆော်ဒီ အမှတ်ပေးလိဂ်ဖလားကို ပြန်လည် ဆွတ်ခူးနိုင်ဖို့အတွက် မက်ဆီလို ကမ္ဘာ့ထိပ်တန်း ကစားသမားမျိုးကို ခေါ်ယူ အားဖြည့်သွားဖို့ စီစဉ်ခဲ့တဲ့ အယ်လ်ဟီလယ်အသင်းဟာ လက်ရှိမှာ မက်ဆီကို ခေါ်ယူနိုင်တော့မှာ မဟုတ်လို့ မက်ဆီနဲ့ ဘာစီလိုနာမှာရော ပီအက်စ်ဂျီမှာပါ တွဲဖက် ကစားခဲ့ဖူးသူ နေမာကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပါတယ်။

Neymar could join Cristiano Ronaldo in Saudi Arabia after Lionel Messi snub | talkSPORT

Photo Credit : talkSPORT

အသက် (၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် ကြယ်ပွင့် ကစားသမားကြီး နေမာဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာသွားဖို့ အခြေအနေများနေသူဖြစ်ပြီး နေမာကိုလည်း မန်ယူနိုက်တက် ချယ်လ်ဆီး နဲ့ နယူးကာဆယ်တို့လို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ ဒီလို အနာဂတ် မရေမရာတဲ့ နေမာကို ပရီးမီးယားလိဂ် အသင်းတွေနဲ့အပြိုင် အယ်လ်ဟီလယ်ကပါ စိတ်ဝင်စားလာခဲ့ပြီး မက်ဆီကို မခေါ်ယူနိုင်ခဲ့ပေမယ့် နေမာကိုတော့ အရ ခေါ်ယူဖို့ အကောင်းဆုံး ကြိုးပမ်း လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Paris Saint-Germain appear likely to offload Neymar in the summer

Photo Credit : The Sun

သေချာတာကတော့ အယ်လ်ဟီလယ်အသင်းအနေနဲ့ နေမာအတွက် ပြောင်းရွှေ့ကြေး လုပ်ခလစာတွေမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေထက် ပိုမို သာလွန်တဲ့ ပမာဏနဲ့ ကမ်းလှမ်းနိုင်မှာဖြစ်ပြီး နေမာကိုယ်တိုင်က သူရဲ့ ကစားသမားဘဝကို ဆော်ဒီမှာပဲ အဆုံးသတ်မလား ဒါမှမဟုတ် ဥရောပ ဘောလုံးနယ်ပယ်မှာပဲ ဆက်လက် ကျင်လည်မလားဆိုတာကိုပဲ ဆုံးဖြတ်ရပါလိမ့်မယ်။ အယ်လ်ဟီလယ်ကတော့ မက်ဆီကို မခေါ်ယူနိုင်ချိန် မန်စီးတီးအသင်းရဲ့ အယ်လ်ဂျီးရီးယား တောင်ပံ ကစားသမား မာရက်ဇ်ကိုလည်း ကြိုးပမ်းခဲ့သေးပြီး မန်စီးတီးက အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။