ဆော်ဒီထိပ်သီးကလပ် အယ် ဟီလယ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး နေမာက လာမယ့် ၂၀၂၅ခုနှစ်မှာ သူ့ရဲ့ ငယ်ဘဝကလပ် ဆန်းတို့စ်ဆီ ပြန်သွားဖို့ အတွက် အစီအစဉ် ဆွဲနေကြောင်း ဘရာဇီးလ်နိုင်ငံ အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် ဘရာဇီးလ် အသင်းခေါင်းဆောင် ကြယ်ပွင့်တိုက်စစ်မှူး နေမာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီ ကနေ အယ် ဟီလယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၉၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အယ် ဟီလယ်က သူ့ကို ၂၀၂၅ခုနှစ် အထိ ကနဦး သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

အယ် ဟီလယ်က နေမာကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် နေမာဟာ အောက်တိုဘာလ ၁၉ရက်နေ့မှာ ပြင်းထန်တဲ့ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာကို ရရှိခဲ့တာကြောင့် ကာလရှည် အနားယူခဲ့ရပြီး နေမာက ယခုလ ကုန်ခါနီးမှသာ အပေါ့စား လေ့ကျင့်ခန်းတွေကို ပြန်လုပ်နိုင်ဖို့ ရှိနေပါတယ်။

ဆော်ဒီမြေကို ရောက်ရောက်ချင်းမှာပဲ ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရခဲ့တာကြောင့် နေမာက ဆော်ဒီမြေမှာ မပျော်မွေ့တော့သလို အယ် ဟီလယ်ကလည်း ဒူးဒဏ်ရာကြောင့် ကြံ့ခိုင်မှု အားနည်းတော့မယ့် နေမာအပေါ် စိတ်မရှည်တော့တာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၅ခုနှစ် ဇွန်လမှာပဲ နေမာနဲ့ လမ်းခွဲဖို့ စဉ်းစားနေပါတယ်။

Photo Credit: Sports Brief

ဘရာဇီးလ်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ UOL Esporteရဲ့ ဖော်ပြချက်အရ နေမာက အယ် ဟီလယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားရင် သူ့ရဲ့ ငယ်ဘဝကလပ် ဆန်းတို့စ်ဆီ ပြန်လည် ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီး နေမာက သူဟာ ဆန်းတို့စ်ဆီ ပြန်လာချင်ကြောင်းကို ဆန်းတို့စ်ရဲ့ ဝန်ထမ်းတွေနဲ့ သူ့ရဲ့ ဆန်းတို့စ် အသင်းဖော်ဟောင်းတွေအား ပြောပြထားတယ်လို့လည်း သိရှိရပါတယ်။

အယ် ဟီလယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အချိန်မှာ နေမာက အသက် ၃၃နှစ် အရွယ်သာ ရှိဦးမှာ ဖြစ်တာကြောင့် ထိပ်တန်းအဆင့် ခြေစွမ်းကို ဆက်လက် ပြသနိုင်ဦးမှာ ဖြစ်ပြီး ဆန်းတို့စ်က နေမာကို သူတို့အသင်းဆီ ပြန်ခေါ်ချင်နေသလို နေမာရဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့ မေဂျာလိဂ်ကလပ် တချို့ကလည်း နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။