ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ နေမာက ယခု နွေဈေးကွက် အတွင်းမှာ အသင်းဟောင်း ဘာစီလိုနာဆီ ပြန်ပြောင်းနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာက ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၄နှစ် ကျန်နေသေးသူပါ။

Photo Credit: Sky Sports

နေမာဟာ ဘာစီလိုနာမှာ ကစားခဲ့စဉ်က မက်ဆီ ၊ ဆွာရက်ဇ်တို့နဲ့ တွဲဖက်ကာ အကောင်းဆုံးခြေစွမ်းတွေ ထုတ်ပြနိုင်ခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ယူမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပီအက်စ်ဂျီထံ ပြောင်းလာပြီးနောက် မကြာခဏ ဒဏ်ရာရခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနဲ့ ဝေးကွာခဲ့ရပါတယ်။

နေမာက ၂၀၂၁ခုနှစ် နောက်ပိုင်းမှာ မကြာခဏ ဒဏ်ရာတွေ ရခဲ့တာကြောင့် ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ ငြိုငြင်မှုတွေနဲ့ ကြုံတွေ့နေရသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပီအက်စ်ဂျီပရိသတ်တွေက နေမာရဲ့ အိမ်ရှေ့ထိ သွားပြီး အသင်းကနေ ထွက်သွားဖို့ ဆန္ဒပြခဲ့ကြပါသေးတယ်။

Photo Credit: The Sun

ပီအက်စ်ဂျီပရိသတ်တွေရဲ့ ဆိုးသွမ်းတဲ့ လုပ်ရပ်တွေကြောင့်ပဲ နေမာက ပီအက်စ်ဂျီကို စွန့်ခွာချင်နေပေမယ့် သူ့ရဲ့ မြင့်မားလှတဲ့ လုပ်ခလစာနဲ့ ပြောင်းရွှေ့ကြေးကြောင့် ဆော်ဒီကလပ်တွေနဲ့ အသင်းဟောင်း ဘာစီလိုနာကလွဲရင် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ မရှိကြပါဘူး။

ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ နေမာက ယခု နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာဆီ တရာသီအငှားနဲ့ ပြန်လာချင်နေပြီး နေမာရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီက နေမာ တယောက် ဘာစီလိုနာဆီ ပြန်ပြောင်းနိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေကြောင်း သိရပါတယ်။