ဆော်ဒီလိဂ် ထိပ်သီးကလပ် အယ်လ်ဟီလာအသင်းရဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာဟာ လက်ရှိမှာတော့ သူနဲ့ အယ်လ်ဟီလာအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီး သူ့အသင်းဟောင်းဖြစ်တဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းဆီ ပြန်သွားတော့မယ်လို့ သိရပါတယ်။
လက်ရှိမှာ အသက်(၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ ပြီးခဲ့တဲ့ နွေကတည်းက ပီအက်စ်ဂျီကနေ ဆော်ဒီကလပ် အယ်လ်ဟီလာဆီကို ယူရိုသန်း(၉၀)နဲ့ ပြောင်းရွှေ့ခဲ့ပြီး (၂)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့သလို ဆော်ဒီပရိုလိဂ်ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားပါ ဖြစ်ခဲ့ပါသေးတယ်။
Photo Credit : Fabrizio Romano
ဒါပေမယ့် နေမာက ဆိုးဆိုးရွှားရွှား ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရလို့ အယ်လ်ဟီလာအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၇)ပွဲတည်းသာ ကစားပေးနိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေကြောင့်ပဲ အယ်လ်ဟီလာက ပြီးခဲ့တဲ့ ရာသီရဲ့ လက်ကျန်ရာသီဝက်မှာ နေမာကို ဆော်ဒီလိဂ် ကစားသမားစာရင်းထဲ ကနေ ချန်လှပ်ခဲ့သလို ဒီရာသီမှာလည်း အလားတူပုံစံအတိုင်း ထပ်မံ ချန်လှပ်ခဲ့ပါသေးတယ်။
ဒါ့အပြင် အယ်လ်ဟီလာက နေမာနဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ စာချုပ်ဖျက်သိမ်းမှုတွေ လုပ်လာနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်လာခဲ့သလို နေမာနေရာမှာ အစားထိုးသွားဖို့အတွက်ပါ ထိပ်တန်း တိုက်စစ်ကစားသမားတွေကို စတင် ချိန်ရွယ်လာခဲ့ပါတယ်။ အခုတော့ နေမာနဲ့ အယ်လ်ဟီလာတို့က တရားဝင် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ကြပြီဖြစ်လို့ နေမာလည်း တရားဝင် free agent player ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Clutch Points
နေမာက အယ်လ်ဟီလာနဲ့ စာချုပ်မဖျက်သိမ်းခင်ကတည်းက သူရဲ့ ပထမဆုံး ကလပ်အသင်းဖြစ်တဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ နီးစပ်နေခဲ့တာဖြစ်ပြီး အခုတော့ အသင်းဟောင်း ဆန်းတို့စ်ဆီကို free transfer နဲ့ ပြောင်းရွှေ့ခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။
နေမာက ဆန်းတို့စ်အသင်းမှာ ၂၀၀၃ ကတည်းက ပါဝင်ခဲ့တာဖြစ်ပြီး ၂၀၀၉ခုနှစ်မှာပဲ ဆန်းတို့စ်စီနီယာအသင်းကြီးအတွက် ကစားခွင့် ရရှိခဲ့သလို ၂၀၁၃ခုနှစ်အထိ ကစားပေးနိုင်ခဲ့ပါတယ်။ နေမာက ဆန်းတို့စ်အတွက် စုစုပေါင်း (၂၂၅)ပွဲအထိ ကစားပေးခဲ့ပြီး ဂိုးပေါင်း (၁၃၆)ဂိုးအထိလည်း သွင်းယူပေးခဲ့သလို ဒေသတွင်းဆုဖလား (၅)လုံးပါ ဆွတ်ခူးခဲ့ပါတယ်။