ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းရဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာက ဒီနှစ်ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ သူ့အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းက ချန်ပီယံဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။
နေမာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဥရောပ ဘောလုံးလောကကို တောက်ပစေခဲ့တဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူဟာ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့မှာ (၁၀)နှစ်ကြာ ပါဝင် ကစားခဲ့ပါတယ်။ ဥရောပပြိုင်ပွဲမှာ (၈၁)ပွဲ ပါဝင်ကစားခဲ့ရာမှာ ဘရာဇီးလ်သားဟာ (၄၃)ဂိုး သွင်းယူခဲ့ပြီး ၂၀၁၄-၁၅ ရာသီမှာလည်း ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပါတယ်။
Photo Credit : Goal
၂၀၂၃ ခုနှစ်မှာတော့ နေမာဟာ ဥရောပကနေ ထွက်ခွာခဲ့ပြီး ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဆီ တစ်နှစ်ခွဲ ကစားခဲ့ပြီးနောက် အခု သူ့ရဲ့ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းမှာ ပြန်လည် ကစားနေပါတယ်။ ဒါပေမယ့် ဘရာဇီးလ် ထိပ်တန်းကစားသမားက ဥရောပရဲ့ အထင်ကရ ကလပ်ပြိုင်ပွဲရဲ့ လှုပ်ရှားမှုတွေကို ဆက်လက် စောင့်ကြည့်နေပါတယ်။
အသက်(၃၃)နှစ်အရွယ် နေမာဟာ ပထမဆုံး ဆီမီးဖိုင်နယ်ကို တက်ရောက်မယ့် အသင်းတွေကို ရွေးချယ်ခဲ့ရာမှာ ပီအက်စ်ဂျီ ရီးယဲလ် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကွာတားဖိုင်နယ်အဆင့်ကို ကျော်ဖြတ်မယ်လို့ ရွေးချယ်ခဲ့ပါတယ်။ ပြီးတော့ နေမာကို ပြိုင်ပွဲရဲ့ ချန်ပီယံကို ရွေးချယ်ခိုင်းတဲ့အခါမှာ သူက သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာကို ရွေးချယ်ခဲ့ပါတယ်။
Photo Credit : beIN SPORTS
နေမာရဲ့ ရွေးချယ်မှုမှာ ပါဝင်နေတဲ့ ရီးယဲလ်နဲ့ ဘိုင်ယန်တို့ကတော့ ပထမအကျော့မှာပဲ ရှုံးပွဲကိုယ်စီ ကြုံတွေ့ထားခဲ့ရလို့ ဒုကျော့မှာ နိုင်ပွဲတွေ ပြန်ရအောင် ခက်ခက်ခဲခဲ ကစားသွားရဖို့ ရှိနေပြီး သူခန့်မှန်းထားသလို သူ့အသင်းဟောင်း ဘာစီလိုနာက ချန်ပီယံလိဂ်မှာ ချန်ပီယံ ဖြစ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
နေမာဟာ မတ်လ (၁၀)ရက်နေ့ကတည်းက ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပြီး သူ့ရဲ့ ဘရာဇီးလ်ကလပ်အသင်းအတွက် (၃)ပွဲနဲ့ မတ်လအတွင်း နိုင်ငံတကာပွဲစဉ်တွေမှာ ဘရာဇီးအသင်းအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ (၂)ပွဲကိုပါ လွဲချော်ထားခဲ့ပါသေးတယ်။