ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းတို့ရဲ့ စူပါစတား တိုက်စစ်ကစားသမား နေမာက သူရဲ့ ကလပ်အသင်းဖော်တွေဖြစ်တဲ့ လီယွန်နယ်မက်ဆီ ကီလီယန်အမ်ဘာပေတို့နဲ့အတူ အသင်းတိုက်စစ်မှာ တွဲဖက် ကစားရခြင်းကို သူ အလွန် သဘောကျ နှစ်သက်မိတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Youtube

ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ထားခဲ့တဲ့ နေမာက ပီအက်စ်ဂျီတိုက်စစ်ပိုင်းမှာ မက်ဆီ ဘာပေတို့နဲ့အတူ တွဲဖက်ပြီး ကစားရခြင်းကို သဘောကျမိကြောင်း ဖွင့်ဟလာခဲ့ပြီး ဒီရာသီမှာလည်း နေမာ မက်ဆီ ဘာပေတို့ရဲ့ trio attack ကနေ ပီအက်စ်ဂျီအတွက် သွင်းဂိုးတွေများစွာ သွင်းယူထားနိုင်ခဲ့ပါတယ်။ သူရဲ့ တွဲဖက်နှစ်ဦးနဲ့ ပတ်သတ်ပြီး နေမာက “ကီလီယန်ဟာ တိုးတတ်လာခဲ့တဲ့ လူငယ်ကစားသမားလေးပါ။ သူက သူရဲ့အလားအလာကို ပြသထားပြီး တိုးတတ်ဖို့လည်း အများကြီး ကျန်နေပါသေးတယ်”

Photo Credit : Marca

“ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့ တွဲဖက် ကစားရတာက အမြဲတမ်း ကောင်းမွန်ပါတယ်။ အနိုင်ရဖို့ အခွင့်အလမ်းက ပိုများနေတာဖြစ်လို့ ကျွန်တော် အဲ့ဒါကို အမြဲ သဘောကျတယ်။ လီယွန်နယ်မက်ဆီရယ် ကီလီယန်ရယ်နဲ့ တွဲကစားရတာ အရမ်းပျော်စရာကောင်းပါတယ်။ သူတို့နှစ်ယောက်က ထိပ်တန်း ကစားသမားတွေဖြစ်ပြီးတော့ မက်ဆီကိုလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးလို့ သတ်မှတ်ထားတာကလည်း ကြာပါပြီ” လို့ ပြောဆိုထားခဲ့ပါတယ်။ မက်ဆီ နေမာ ဘာပေတို့ (၃)ဦးလုံးဟာ လက်ရှိရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းကောင်းတွေ ပြသထားခဲ့ပေမယ့်လည်း ရာသီမစတင်ခင်က ဘာပေနဲ့ နေမာတို့ရဲ့ အနာဂတ်တွေ လှုပ်ခတ်ခဲ့ရသလို ဘာပေကို စာချုပ်သစ် ချုပ်ဆိုလိုက်ချိန်မှာလည်း နေမာရဲ့ အနာဂတ်က အတော်လေး လှုပ်ခတ်ခဲ့ရပါသေးတယ်။ လက်ရှိမှာလည်း မက်ဆီရဲ့ စာချုပ်အခြေအနေက မသေချာ မရေရာသေးတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ဒီကစားသမား(၃)ဦး အတွဲအဖက်ကို ဒီရာသီမှာပဲ နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ဒီရာသီအတွင်း ပြင်သစ်လီဂူးမှာ ဘာပေက (၁၂)ဂိုးသွင်း (၂)ဂိုးဖန်တီးထားပြီး နေမာက (၁၁)ဂိုးသွင်း (၉)ဂိုး ဖန်တီးထားသလို မက်ဆီကတော့ (၇)ဂိုးသွင်း (၁၀)ဂိုး ဖန်တီးထားတာကြောင့် သူတို့(၃)ဦးပေါင်း လီဂူးသွင်းဂိုး စုစုပေါင်း ဂိုး(၃၀)အထိကို ရှိထားခဲ့ရပါတယ်။