ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ နေမာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယမြောက်ပွဲစဉ်မှာ မက်ကာဘီ ဟိုင်ဖာဘက်ကို သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ အောင်ပွဲခံနေကျ ပုံစံအတိုင်း အောင်ပွဲခံခဲ့ပေမယ့် ကွင်းလယ်ဒိုင်ဟာ သူ့ကို အလွန်အကျွံ အောင်ပွဲခံတယ် ဆိုပြီး အဝါကတ်ပြား ပြသခဲ့မှုအပေါ် စိတ်ဆိုး ဒေါသထွက်နေခဲ့ပါတယ်။

ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲအား ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းတွေထဲက တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီဟာ အုပ်စု ဒုတိယမြောက် ပွဲစဉ်အဖြစ် မက်ကာဘီ ဟိုင်ဖာကို အစ္စရေးလ်မြေမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပေမယ့် အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီ ၊ အမ်ဘာပေနဲ့ နေမာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Flip Board

မက်ကာဘီ ဟိုင်ဖာ ၁-၃ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်မှာ ဟိုင်ဖာက အိမ်ရှင် အားသာချက်နဲ့ ပီအက်စ်ဂျီကို အတတ်နိုင်ဆုံး ဒုက္ခပေးဖို့ ကြိုးစားခဲ့ပြီး သူတို့ရဲ့ အတင်းဝင် ၊ အတင်းဖျက် ကစားဟန်ကြောင့် ပီအက်စ်ဂျီအနေနဲ့ ကစားနေကြ ပုံစံအတိုင်း ကစားဖို့  ခက်ခဲခဲ့ကာ ကစားသမားတွေရဲ့ အရည်အသွေး ကွာခြားချက် မြင့်မားမှုကြောင့်သာ ပီအက်စ်ဂျီဟာ အဝေးကွင်းမှာ သက်တောင့်သက်သာနဲ့ နိုင်ပွဲ ၁ပွဲ ရရှိခဲ့တာပါ။

အဆိုပါပွဲစဉ်မှာ ပရိသတ်တွေ ပြောစရာ ဖြစ်ခဲ့တဲ့ အချက်တခု ကတော့ ကွင်းလယ်ဒိုင် ဒါနီရယ်ရဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာအား အဝါကတ်ပြား ပြသခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပြီး ဒါနီရယ်က ပီအက်စ်ဂျီ အတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပြီးနောက် လက်နှစ်ဖက်အား ထောင်ကာ မျက်နှာပြောင်တဲ့ Emojiရဲ့ ပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့တဲ့ နေမာဟာ အလွန်အကျူး အောင်ပွဲခံကာ ပြိုင်ဘက်အပေါ် လေးစားမှု ကင်းမဲ့တယ်လို့ ယူဆကာ နေမာကို အဝါကတ်ပြား ပြသခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Flip Board

နေမာက မကြာခဏ ဆိုသလို ထူးခြားတဲ့ အောင်ပွဲခံမှုမျိုးတွေ ပြုလုပ်တတ်သူ တဦး ဖြစ်ပေမယ့် ဟိုင်ဖာဘက်ကို သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အောင်ပွဲခံခဲ့တဲ့ လက်နှစ်ဖက်အား ထောင်ကာ လျှာထုတ်တဲ့ အောင်ပွဲခံဟန်ဟာ နေမာရဲ့ ပုံမှန် လုပ်နေကြ အောင်ပွဲခံပုံစံ တမျိုး ဖြစ်ပြီး နေမာကတော့ သူ့ရဲ့ ရိုးရှင်းတဲ့ အောင်ပွဲခံမှုအား သဘောမကျပဲ သူ့ကို အဝါကတ်ပြား ပြသခဲ့တဲ့ ကွင်းလယ်ဒိုင် ဒါနီရယ်ရဲ့ လုပ်ရပ်ကို အတော်လေး အံ့အားသင့်နေသလို ဒါနီရယ်ရဲ့ အဝါကတ်ပြား ပြသမှုကိုလည်း ကျေနပ်ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့်ပဲ နေမာက ပွဲပြီးဆုံးချိန်မှာ ဒါနီရယ်ကို မကျေမနပ် ဖြစ်ခဲ့ရကြောင်းကို သူ့ရဲ့ ပရိသတ်တွေအား ရင်ဖွင့်ခဲ့ပြီး နောက်တခါဆိုရင် အောင်ပွဲမခံခင် ကွင်းလယ်ဒိုင်ကို အသိပေးပြီးမှ အောင်ပွဲခံတော့မယ်လို့လည်း ခနဲ့သွားခဲ့ပါသေးတယ်။ နေမာက – “ဘောလုံးလောကက တဖြည်းဖြည်းနဲ့ စိတ်ပျက်စရာ ကောင်းလာပါပြီ။ ကျွန်တော်တို့ နိုင်ပွဲ တပွဲ ရတယ်။ အောင်ပွဲခံမယ်။ ပြီးရင်တော့ နောက်တပွဲအတွက် အာရုံပြန်စိုက်မယ်။ ဒါပေမယ့် ပြောစရာ တခု ရှိတာက အောင်ပွဲခံလို့ အဝါကတ် အပြခံရတဲ့ ကိစ္စပါပဲ။ ကျွန်တော့်အတွက် နောက်ထပ် အဝါကတ် တကတ် တိုးသွားပြန်ပြီပေါ့။ ဒီလိုမျိုး အဓိပ္ပါယ် မရှိတဲ့ ဖြစ်ရပ်တွေ ၊ ဆုံးဖြတ်ချက်တွေက ကျွန်တော် တဦးထဲ အပေါ်မှာပဲ ဖြစ်လေ့ ဖြစ်ထ ရှိတာပါ။ နောက်တခါဆိုရင် အောင်ပွဲခံမယ့် ပုံစံအကြောင်းကို ကွင်းလယ်ဒိုင်တွေဆီ သွားပြီး ပြောပြထားပါတော့မယ်” လို့ အငေါ်တူးကာ ပြောကြားသွားခဲ့တာပါ။