လီဂူးထိပ်သီး ကလပ်အသင်းကြီး ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွေ့ဈေးကွက်အတွင်းမှာ အင်တာမီလန်အသင်းရဲ့ နောက်ခံကစားသမား မီလန်ရှကရီညာကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ ပြင်သစ်သတင်းစာ L’ÉQUIPE ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football London

အသက်(၂၇)နှစ်အရွယ်ရှိ ဆလိုဗက်ကီးယားလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ရှကရီညာဟာ အင်တာမီလန်ရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်ပြီး ၂၀၁၇ခုနှစ်ကမှ ဆမ်ဒိုးရီးယားကနေ အင်တာကို ယူရိုသန်း(၂၀)နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အင်တာအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၄၁)ပွဲအထိ ပါဝင်ထားပြီး စကူဒက်တိုဖလား အပါအဝင် အီတလီမှာ ဆုဖလားတွေအားလုံး ရယူထားနိုင်ခဲ့တဲ့ ရှကရီညာဟာ ဒီနှစ် နွေမှာပဲ အင်တာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အင်တာဘက်က သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ အသင်းကနေ free transfer နဲ့သာ ထွက်ခွာသွားချင်နေပါတယ်။

Photo Credit : Eurosport

ဖြတ်ထုတ်မှုတွေ အလွန်ကောင်းမွန်သလို လျင်မြန်တဲ့ ဘောလုံးရှင်းထုတ်မှုတွေပါ လုပ်ဆောင်တတ်သူဖြစ်တဲ့ ရှကရီညာလို ဗဟိုခံစစ် ကစားသမားမျိုးကို ကလပ်အသင်းတိုင်းက အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူချင်နေပြီး အခုလက်ရှိ L’ÉQUIPE သတင်းစာကနေ ဖော်ပြလာချက်အရ ပီအက်စ်ဂျီအသင်းက တခြားသော ကလပ်အသင်းတွေထက် လက်ဦးမှု ရယူကာ ရှကရီညာကို ခေါ်ယူနိုင်ဖို့ မူအားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အခုနွေဈေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေအတွက် အသုံးစရိတ်များစွာ သုံးစွဲထားခဲ့ပေမယ့် လီယွန်နယ်မက်ဆီလို GOAT တစ်ဦးကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ နွေဈေးကွက်အတွင်းမှာပဲ ဆာဂျီယိုရာမို့စ် ဒွန်နာရမ်မာနဲ့ ဝိုင်နယ်လ်ဒမ်းစ်တို့ကိုပါ free transfer တွေနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အီတလီအသင်းနဲ့အတူ ယူရို-၂၀၂၀မှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ဒွန်နာရမ်မာကို အေစီမီလန်ကနေ အလွတ် ခေါ်ယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ အခုလည်း နောက်ထပ် မီလန်မြို့ခံအသင်း အင်တာမီလန်ကနေပါ ရှကရီညာလို ထိပ်တန်း ကစားသမားတစ်ဦးကို ပြောင်းရွေ့ကြေးမပါပဲ free နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။