နယူးကာဆယ်အသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဂျိုဆေး မော်ရင်ဟိုကို လာမယ့် ဘောလုံးရာသီမှာပဲ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့အတွက် ပြင်ဆင်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

နယူးကာဆယ်ဟာ လက်ရှိအသင်းနည်းပြ အက်ဒီဟောင်း လက်အောက်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သလို ကာရာဘောင်း လိဂ်ဖလားမှာလည်း ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် အက်ဒီဟောင်းထက် နည်းပြ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မော်ရင်ဟိုကိုသာ မျက်စိကျနေပါတယ်။

Photo Credit : Premier League

မော်ရင်ဟိုက ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတင် ကျင်လည်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကို စုစုပေါင်း (၃)ကြိမ်အထိ ရယူနိုင်ခဲ့သလို အက်ဖ်အေဖလား လိဂ်ဖလားတို့လို ပြည်တွင်းဖလားတွေလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ ရိုးမားနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ မော်ရင်ဟိုဟာ ဒီနှစ်ဘောလုံးရာသီ အကုန်မှာပဲ ရိုးမားအသင်းနဲ့ ချုပ်ဆိုထားတဲ့ (၃)နှစ်စာချုပ်သက်တမ်းပါ ကုန်ဆုံးတော့မှာဖြစ်လို့ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ ရှိနေရာ ဒီအခြေအနေကို နယူးကာဆယ်က စောင့်ကြည့်လျက် ရှိနေပါတယ်။

Photo Credit : Sporting News

ချယ်လ်ဆီး မန်ယူနိုက်တက် နဲ့ စပါးတို့လို ပရီးမီးယားလိဂ် အသင်းတွေမှာ နည်းပြဘဝကို ဖြတ်သန်းခဲ့တဲ့ မော်ရင်ဟိုဟာ စပါးကလွဲပြီး ချယ်လ်ဆီး နဲ့ ယူနိုက်တက်တို့မှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း နယူးကာဆယ်က အက်ဒီဟောင်းနေရာမှာ အက်ဒီဟောင်းထက် အစစအရာရာ သာလွန်တဲ့ မော်ရင်ဟိုနဲ့ အစားထိုးသွားချင်နေတာပဲ ဖြစ်ပါတယ်။

တကယ်လို့ မော်ရင်ဟိုသာ နယူးကာဆယ် နည်းပြသစ် ဖြစ်လာခဲ့မယ်ဆိုရင် အသင်းပိုင်ရှင်တွေအနေနဲ့ မော်ရင်ဟို အလိုရှိမယ့် ကစားသမားတွေ အမြောက်အများကို ခေါ်ယူပေးသွားဖို့ ရှိနေပြီး မော်ရင်ဟိုအတွက်လည်း မြင့်မားတဲ့ လစာတွေပါ ပေးချေသွားဖွယ် ရှိနေပါတယ်။