လက်ရှိမှာ နယူးကာဆယ်အသင်းရဲ့ တိုက်စစ်ကစားသမား အလက်ဆန်းဒါး အီဆက်ခ်ကို အာဆင်နယ် အပါအဝင် အသင်းတော်တော်များများက ခေါ်ယူချင်နေပေမယ့် နယူးကာဆယ်ကတော့ အီဆက်ခ်ကို အသင်းကနေ လုံးဝ ရောင်းမထုတ်ချင်သလို အီဆက်ခ်အတွက် ဘောလုံးသမိုင်းတစ်လျှောက် ဒုတိယ အမြင့်ဆုံး ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာမှသာ စဉ်းစားသွားမယ်လို့ သိရပါတယ်။

၂၀၂၂ခုနှစ်ကတည်းက လာလီဂါကလပ် ဆိုစီဒက်ကနေ နယူးကာဆယ်ဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၆၃)သန်းနဲ့ ရောက်လာခဲ့တဲ့ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အီဆက်ခ်ဟာ သူရဲ့ စွမ်းဆောင်ရည်တွေကြောင့် ထိပ်တန်း အသင်းကြီးတိုင်းရဲ့ စိတ်ဝင်စားမှုကို ရရှိထားသူ ဖြစ်နေရပါတယ်။

Photo Credit : Newcastle United

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ (၂၁)ဂိုး သွင်းခဲ့ပြီး ဒီရာသီမှာလည်း (၁၇)ဂိုးအထိတောင် သွင်းယူထားတဲ့ အီဆက်ခ်ကို တိုက်စစ်မှူး လိုအပ်နေတဲ့ အာဆင်နယ်က အသည်းအသန် အလိုရှိနေပြီး လီဗာပူးလ် ချယ်လ်ဆီး ရီးယဲလ်နဲ့ ဘာစီလိုနာတို့ကလည်း အသက်(၂၅)နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူချင်နေပါတယ်။

နယူးကာဆယ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့်(၇)နေရာထိ ရောက်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့က (၂)မှတ် ကွာနေရသလို တကယ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့သာ လွဲချော်ရမယ်ဆိုရင်တော့ နယူးကာဆယ်က အီဆက်ခ်ကို ရောင်းချရနိုင်ပြီး ပေါင်(၈၂.၉)သန်းနဲ့ ရောင်းချသွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် နယူးကာဆယ်ကတော့ သူတို့ရဲ့ အဓိက ကစားသမားဖြစ်သူကို ခေါ်ယူခဲ့စဉ်တုန်းက အသုံးပြုခဲ့တဲ့ ပြောင်းရွှေ့ကြေးထက် ပေါင်သန်း(၂၀)လောက်နဲ့ပဲ ရောင်းချဖို့ ဆန္ဒမရှိဘဲ အဲ့ဒီ ပေါင်(၈၃)သန်းရဲ့ နှစ်ဆဖြစ်တဲ့ ပေါင်(၁၆၆)သန်းလောက် ကမ်းလှမ်းလာမှသာ လက်ခံသွားချင်နေပါတယ်။

လက်ရှိ ဘောလုံးသမိုင်းမှာ အမြင့်မားဆုံး ပြောင်းရွှေ့ကြေးက ပီအက်စ်ဂျီက နေမာကို ဘာစီလိုနာကနေ ခေါ်ယူခဲ့စဉ် သုံးစွဲခဲ့တဲ့ ပေါင်(၁၉၈)သန်းဖြစ်ပြီး အဲ့ဒီနောက်မှာလည်း ပီအက်စ်ဂျီကပဲ ဘာပေကို မိုနာကိုကနေ ခေါ်ယူခဲ့တုန်းက အသုံးပြုခဲ့တဲ့ ပေါင်(၁၆၃)သန်းဟာ ဒုတိယနေရာမှာ ရှိနေရပါတယ်။ နယူးကာဆယ်ကတော့ သူတို့ကစားသမားအတွက် ပေါင်(၁၆၆)သန်းအထိတောင် တန်ကြေး သတ်မှတ်ထားတာမို့ ဒီတန်ကြေးနဲ့သာဆိုရင် အီဆက်ခ်ကို လက်ရှောင်ကြဖွယ်သာ ရှိနေပါတယ်။