ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း ဖြစ်တဲ့ နယူးကာဆယ်က မကြာသေးမီကမှ ဒဏ်ရာအတွက် ခွဲစိတ်မှု လုပ်ခဲ့တဲ့ အဓိက ကွင်းလယ်လူ ဂျိုအယ်လင်တန်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် စပါးကွင်းလယ်လူ ဟော့ချ်ဘက်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အက်ဒီဟောင်း ဦးဆောင်နေတဲ့ နယူးကာဆယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၄)နေရာကို သိမ်းပိုက်နိုင်ခဲ့သလို ကာရာဘောင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ပြိုင်ပွဲ ၄ခု ယှဉ်ပြိုင်ရချိန်မှာတော့ ကစားသမားအင်အား နည်းပါးမှုကြောင့် အဓိက ကစားသမားတွေ ဆက်တိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

Photo Credit: Goal

မကြာသေးမီကပဲ နယူးကာဆယ်ရဲ့ ကွင်းလယ်မှာ အားကိုးနေရတဲ့ ဂျိုအယ်လင်တန်ဟာ သူ့ရဲ့ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်မှု ခံယူခဲ့ရတာကြောင့် ယခုနှစ် ဘောလုံးရာသီကုန်ချိန် အထိ အနားယူရတော့မှာပဲ ဖြစ်ပါတယ်။

ဂျိုအယ်လင်တန် တယောက် ကာလရှည် အနားယူရဖို့ ရှိနေတာကြောင့် နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက ဆောင်းဈေးကွက် မပိတ်ခင်မှာ ကွင်းလယ်လူ တဦးကို ခေါ်ယူချင်နေပြီး တဖက်မှာတော့ စပါးကွင်းလယ်လူ ဟော့ချ်ဘက်က ယခင်နှစ်တွေမှာ စပါးရဲ့ အဓိက ကွင်းလယ်လူ ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ပုံမှန်ကစားခွင့် ရဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Standard

အသက် ၂၈နှစ် အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ ဟော့ချ်ဘက်က လုပ်အားနှုန်း ကောင်းမွန်တဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ အကောင်းဆုံး ကစားနိုင်တာကြောင့် ဂျိုအယ်လင်တန်နဲ့ ကစားပုံ ဆင်တဲ့ ကွင်းလယ်လူလို့ ပြောရင် မှားမယ် မထင်ပါဘူး။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က စပါးကွင်းလယ်လူ ဟော့ချ်ဘက်ကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး နယူးကာဆယ်ဟာ ဆောင်းဈေးကွက် မပိတ်ခင်မှာ ဟော့ချ်ဘက် အတွက် တရားဝင် ကမ်းလှမ်းမှု တခု လုပ်လာနိုင်ကြောင်း သိရှိရပါတယ်။