နယူးကာဆယ်အသင်းဟာ လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ် ပြန်ကန်ရတော့မှာဖြစ်လို့ အသင်းကို ပိုမိုအားကောင်းစေဖို့အတွက် ပရီးမီးယားလိဂ်ကစားသမား ၃ ဦးဖြစ်တဲ့ ဂျာအို ပတ်ဒရို၊ အန်သိုနီ အီလန်ဂါ နဲ့ ဂျိမ်းစ် ထရက်ဖို့ဒ်တို့ကို ပေါင် ၁၂၅ သန်းအထိ အသုံးပြုပြီး ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
The Telegraph သတင်းစာရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ဟာ ဘရိုက်တန်က ဂျာအို ပီဒရို နဲ့ နော့တင်ဟမ် ဖောရက်စ်က အန်သိုနီ အီလန်ဂါတို့ကို တစ်ဦးစီအတွက် ပေါင်သန်း ၅၀ စီ ကမ်းလှမ်းဖို့ စီစဉ်နေပြီး ဘန်လေအသင်းရဲ့ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ကိုတော့ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီကစားသမားသုံးဦးစလုံးဟာ စိန့်ဂျိမ်းစ်ပါ့ခ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြတယ်လို့လည်း သိရပါတယ်။
Photo Credit : NUFC360
နယူးကာဆယ်နည်းပြ အက်ဒီ ဟောင်းက လာမယ့် ဇူလိုင်လအစောပိုင်းမှာ စတင်မယ့် ရာသီကြို လေ့ကျင့်ရေးအစီအစဉ်မစခင် အခုပစ်မှတ်ထား ကစားသမားတွေကို အပြီးသတ်ခေါ်ယူချင်နေပါတယ်။ ဒါပေမဲ့ ကစားသမား ၃ ဦးစလုံးကို တစ်ပြိုင်နက် ခေါ်ယူနိုင်မလားဆိုတာကတော့ မသေချာသေးပါဘူး။
ဘာလို့လဲဆိုတော့ နယူးကာဆယ်ဟာ ပြီးခဲ့တဲ့နှစ်ကလိုပဲ ဒီနှစ်နွေရာသီမှာလည်း အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းတွေ (Profit and Sustainability Rules – PSR) ကြောင့် ဘဏ္ဍာရေး ကန့်သတ်မှုတွေ ရှိနေတာကြောင့် ကစားသမားတွေအတွက် လိုအပ်တာထက် ပိုမပေးနိုင်ဘူးလို့ ဆိုပါတယ်။
Photo Credit : Goal
ဘရိုက်တန်အသင်းကတော့ မိုဆက်စ် ကိုင်စီဒို နဲ့ အလက်ဆစ် မက်အယ်လစ်စတာ တို့လို ကစားသမားတွေကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ရောင်းချခဲ့ဖူးတဲ့အတွက် သင့်တော်တဲ့ဈေးရရင် အကောင်းဆုံး ကစားသမားတွေကို ရောင်းချဖို့ ဆန္ဒရှိတာကို ပြသခဲ့ပြီးသားပါ။ နော့တင်ဟမ် ဖောရက်စ်ကတော့ အီလန်ဂါကို ရောင်းဖို့ အစီအစဉ်မရှိဘူးလို့ ခိုင်မာစွာ ငြင်းဆိုထားပေမဲ့ နယူးကာဆယ်ကတော့ သူ့ကို ဆက်လက်ကြိုးစားနေဆဲပါပဲ။
နယူးကာဆယ်ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် ပြိုင်ဘက်တွေကို လာမယ့် သြဂုတ်လနှောင်းပိုင်းကျမှ သိရမှာဖြစ်ပြီး လီဗာပူးလ်၊ အာဆင်နယ်၊ မန်ချက်စတာ စီးတီး၊ ချဲလ်ဆီး နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရ အင်္ဂလန်ကလပ် ၆ သင်းထဲက တစ်သင်း ဖြစ်ပါတယ်။