နယူးကာဆယ်အသင်းကတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လိုင်လီ ကွင်းလယ်လူ အိန်ဂျယ် ဂိုးမက်စ်ကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လို့ထားလာပြီး လာမယ့် ဆောင်းဈေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

အသက် (၂၄)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်ကစားသမား ဂိုးမက်စ်ဟာ မန်ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ယူနိုက်တက် စီနီယာအသင်းကြီးအတွက်ကိုလည်း (၁၀)ပွဲခန့် ပါဝင်ကစားဖြစ်ခဲ့ပါတယ်။ ၂၀၂၀မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ သူ့ကို ပြင်သစ်လီဂူးကလပ် လိုင်လီအသင်းက အလွတ်နဲ့ ခေါ်ယူခဲ့ပါတယ်။

Photo Credit : The Telegraph

လိုင်လီကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားတဲ့ ဂိုးမက်စ်ဟာ လိုင်လီမှာ ချက်ချင်း နေရာမရခဲ့ပေမယ့် နောက်ရာသီတွေမှာတော့ လိုင်လီရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပြီး အခုဆိုရင်လည်း လိုင်လီအတွက် ပြိုင်ပွဲစုံ (၁၁၈)ပွဲအထိတောင် ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။

ကွင်းလယ်နေရာအစုံမှာ ကစားတက်တဲ့ ဂိုးမက်စ်ဟာ physical ပိုင်းအရ အရမ်းအားနည်းသူ ဖြစ်ပေမယ့်လည်း ဖန်တီးမှု အားကောင်းပြီး အလိမ်အခေါက် စွမ်းရည်လည်း ထူးချွန်သူ ဖြစ်ပါတယ်။ အခုဆိုရင် အင်္ဂလန်ရဲ့ ယာယီနည်းပြ ဖြစ်လာတဲ့ လီ ကာစလေကလည်း အင်္ဂလန် ယူ-၂၁အသင်းမှာ ပါဝင်ခဲ့တဲ့ ဂိုးမက်စ်ကို လက်ရွေးစင်အသင်းမှာပါ စတင် နေရာပေးလာခဲ့ပါတယ်။

Photo Credit : The Independent

အခုလို လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံလာရတဲ့ ဂိုးမက်စ်ကို လီဗာပူးလ် စပါး ဒေါ့မွန်တို့နဲ့အတူ နယူးကာဆယ်အသင်းကပါ စိတ်ဝင်စားလာကြပြီး နယူးကာဆယ်ဆိုရင် ယူနိုက်တက် ကစားသမားဟောင်း ဂိုးမက်စ်ကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားနေတယ်လို့ The Sun ကနေ ဖော်ပြလာပါတယ်။

လန်ဒန်မြို့ဖွား ဂိုးမက်စ်ဟာ ဒီနှစ် ဘောလုံးရာသီအကုန်မှာပဲ လိုင်လီအသင်းနဲ့ စာချုပ်သက်တမ်းပါ ကုန်ဆုံးတော့မှာဖြစ်ပြီး အခုထိလည်း စာချုပ်သစ်ကိစ္စက ဆွေးနွေးမှု ရှိမနေသေးတဲ့အတွက် နွေမှာ အလွတ်နဲ့ လက်မလွတ်ရဖို့ လာမယ့် ဆောင်းဈေးကွက်မှာပဲ cut-price တန်ကြေးနဲ့ ရောင်းချသွားရဖို့ ရှိနေပြီး သူ့ကိုလည်း နယူးကာဆယ် အပါအဝင် ကလပ်အသင်း များစွာက အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။