မန်ချက်စတာယူနိုက်တက်အသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ နယူးကာဆယ်ယူနိုက်တက်က ကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားဖို့ရှိနေတာကြောင့် သူ့ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းက ပိုပြီး အသက်ဝင်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့ရာသီက အက်စတွန် ဗီလာမှာ အငှားနဲ့သွားကစားခဲ့ပေမယ့် အပြီးသတ် ပြောင်းရွှေ့ဖြစ်ခြင်း မရှိခဲ့တဲ့နောက်မှာ ရပ်ရှ်ဖို့ဒ်တစ်ယောက် ဒီနွေရာသီမှာ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေပါတယ်။ ယူနိုက်တက်ကနေ ထွက်ခွာချင်နေတဲ့ ရပ်ရှ်ဖို့ဒ်အတွက် ရွေးချယ်စရာ အသင်းတွေက သိပ်များများစားစားမရှိပါဘူး။

Photo Credit : The Sun

စပိန်ကလပ် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်က သဘောကျနေတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဘာစီလိုနာဘက်ကတော့ နီကို ဝီလီယံစ် နဲ့ လူးဝစ် ဒီယက်ဇ်တို့လို တောင်ပံကစားသမားတွေကိုသာ ပိုပြီး စိတ်ဝင်စားနေပါတယ်။ ဗီလာမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ရာသီသိမ်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ခဲ့ရတာကြောင့် ဗီလာကို အပြီးသတ်ပြောင်းရွှေ့ဖို့ကလည်း ဖြစ်နိုင်ခြေနည်းသွားခဲ့ပါတယ်။

ဒီအချိန်မှာပဲ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးချန်ပီယံလိဂ်ဝင်ခွင့်ကို ဂိုးကွာခြားချက်နဲ့ ဆွတ်ခူးသွားတဲ့ နယူးကာဆယ်အသင်းက ရပ်ရှ်ဖို့ဒ်ကို ဥရောပရဲ့အမြင့်ဆုံးပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးမယ့်အသင်း ဖြစ်လာနိုင်တယ်လို့ The Sun သတင်းစာက ဖော်ပြလာပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကတော့ အနည်းငယ်ရှုပ်ထွေးနိုင်ပါတယ်။ နယူးကာဆယ်ဘက်က တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုနေပြီး ယူနိုက်တက်ကတော့ အပြီးသတ်သာ ရောင်းချလိုနေတာကြောင့် နှစ်ဖက်အသင်းကြား ညှိနှိုင်းမှုတွေ လိုအပ်နေပါသေးတယ်။

Photo Credit : ESPN

ရပ်ရှ်ဖို့ဒ်ဟာ ဗီလာအတွက် (၁၇) ပွဲမှာ (၄) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၆) ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် ရာသီသိမ်းပွဲစဉ်တချို့ကို လွဲချော်ခဲ့ရပေမယ့် သူ့ရဲ့ခြေစွမ်းက အသင်းအတွက် အရေးပါခဲ့ပါတယ်။ ရာသီကုန်မှာ သူက “ဗီလာက အသင်းသားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် မယုံနိုင်လောက်စရာ လအနည်းငယ် ဖြစ်ခဲ့ပါတယ်။ ဒါဟာ တကယ့်ကိုထူးခြားတဲ့ကလပ်တစ်ခုပါ။” ဆိုပြီး Instagram မှာ ရေးသားခဲ့ပါတယ်။

မန်ယူနိုက်တက်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် ရက်ရှ်ဖို့ဒ်ဟာ အသင်းမှာဆက်ရှိတော့မှာ မဟုတ်ပါဘူး။ သူကိုယ်တိုင်ကလည်း “ကျွန်တော့်အတွက်တော့ စိန်ခေါ်မှုအသစ်တွေနဲ့ ရှေ့ဆက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။” လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ပြောကြားထားခဲ့ပါတယ်။ “ကျွန်တော်ထွက်သွားတဲ့အခါ အသင်းနဲ့ပတ်သက်ပြီး မကောင်းပြောမှာမဟုတ်ပါဘူး။ တခြားကစားသမားတွေလိုမျိုး ထွက်ခွာသွားတဲ့သူတစ်ယောက် မဖြစ်ချင်ပါဘူး။ ထွက်သွားတဲ့အခါကျရင် ကျွန်တော်ကိုယ်တိုင် ကြေညာချက်ထုတ်ပြန်သွားမှာပါ။” လို့ သူက အခိုင်အမာဆိုထားပါတယ်။