ပရီးမီးယားလိဂ်ရဲ့ ဓနအင်အား အတောင့်တင်းဆုံးအသင်း ဖြစ်သလို ထိပ်သီးအသင်း တသင်း ဖြစ်လာအောင် ကြိုးစားနေတဲ့ နယူးကာဆယ်က ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဒေါ့မွန်ရဲ့ လူငယ်တိုက်စစ်မှူး မူခိုခိုကို ခေါ်ယူရန် တရားဝင် ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေ အရ သိရပါတယ်။

နယူးကာဆယ်က ဆော်ဒီတော်ဝင်မိသားစုရဲ့ ဝယ်ယူမှုကို ခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံးကလပ် ဖြစ်လာတဲ့ နယူးကာဆယ်က ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီ နှစ်ခုမှာ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်နိုင်ခဲ့တာကြောင့် ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ပရီးမီးယားလိဂ်ရဲ့ အဆင့်၃နေရာ အထိ တက်လှမ်းထားနိုင်သလို ရာသီကုန်ချိန်မှာ ဥရောပဝင်ခွင့် ရဖို့လည်း နီးစပ်နေပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက အသင်းဆီ အရည်အသွေးမြင့် ကစားသမားတွေ ဆက်လက် ခေါ်ယူကာ အသင်းရဲ့ အင်အားကို တိုးချဲ့ဖို့ ဆုံးဖြတ်ထားပြီး ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့ လူငယ်ကြယ်ပွင့် မူခိုခိုဟာ သူတို့ရဲ့ ထိပ်သီးပစ်မှတ် တဦးပဲ ဖြစ်ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမဏီ လက်ရွေးစင် လူငယ်တိုက်စစ်မှူး မူခိုခိုက ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ ၆ဂိုးသွင်း ၊ ၆ဂိုး ဖန်တီးထားနိုင်ကာ သူနဲ့ ဒေါ့မွန်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ဒီရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က မူခိုခိုက လာမယ့် နွေဈေးကွက် အတွင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး နယူးကာဆယ်က မူခိုခိုကို သူတို့ဆီ ပြောင်းလာရင် တပတ် လုပ်ခလစာ ပေါင် ၁၅၀၀၀၀ အထိ ပေးမယ်လို့ ကမ်းလှမ်းထားကာ မူခိုခိုက နယူးကာဆယ်ဆီ ပြောင်းရွှေ့ဖို့ စတင် စဉ်းစားနေကြောင်း သိရပါတယ်။

တဖက်မှာတော့ ဒေါ့မွန်က သူတို့ရဲ့ လူငယ်ကြယ်ပွင့် မူခိုခိုကို မဆုံးရှုံးချင်တာကြောင့် တပတ် လုပ်ခလစာ ယူရို ၇၅၀၀၀ ဝန်းကျင်နဲ့ စာချုပ်သစ် ကမ်းလှမ်းထားပြီး မူခိုခိုကတော့ မကြာခင်မှာပဲ သူ့ရဲ့ အသင်းသစ်ကို ရွေးချယ်သွားမယ်လို့ ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။