ရုတ်တရက်ကြီး ရိုးမားအသင်းနဲ့ လက်တွဲဖြုတ်လိုက်ရတဲ့ စပယ်ရှယ်ဝမ်း ဘောလုံးနည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကို ပရီးမီးယားလိဂ် ထိပ်သီးကလပ် နယူးကာဆယ် ယူနိုက်တက်အသင်းကနေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်လျက် ရှိနေပါတယ်။

နယူးကာဆယ်အသင်းဟာ ပိုင်ရှင်သစ်တွေ လက်ထက် အကောင်းဆုံး အခြေအနေကို ရောက်ရှိလာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အထိပါ ရရှိခဲ့ပေမယ့်လည်း နည်းပြ အက်ဒီဟောင်းက ဒီအခြေအနေတွေကို အကောင်းဆုံး မထိန်းထားနိုင်ပဲ အသင်းရဲ့ ရလဒ်တွေပါ ဆိုးရွှားလာခဲ့ပါတယ်။

Photo Credit : The Independent

ဒီရာသီမှာဆိုရင် နယူးကာဆယ်က ချန်ပီယံလိဂ်ကနေ အဆင့် (၄) ဇယားအောက်ဆုံးနေရာနဲ့ ပြုတ်လာခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် (၁၀)အထိပါ ရောက်ရှိနေရပြီး Top 4 နေရာနဲ့ပါ ရမှတ် (၁၁)မှတ်အထိပါ ကွာဟနေရပါတယ်။

နယူးကာဆယ်က နောက်ဆုံး ကစားထားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲအတွင်းမှာ (၂)ပွဲသာ အနိုင်ရခဲ့ပြီး (၈)ပွဲအထိတောင် ရှုံးပွဲ ကြုံတွေ့ထားခဲ့တာကြောင့် နည်းပြ အက်ဒီဟောင်းရဲ့ အနာဂတ် အခြေအနေပါ လှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : Eurosport

ဒီလို အခြေအနေမှာ ရိုးမားနဲ့ မော်ရင်ဟိုတို့ပါ တရားဝင် လက်တွဲဖြုတ်လိုက်ပြီ ဖြစ်တာကြောင့် အက်ဒီဟောင်းရဲ့ နယူးကာဆယ် နည်းပြ အနာဂတ်က ပိုပြီးတော့ကို ဝေဝါးလာခဲ့ရပါတယ်။ နယူးကာဆယ်က ပိုင်ရှင်သစ်တွေ စတင် ပိုင်ဆိုင်ချိန်မှာကတည်းက မော်ရင်ဟိုလို အထင်ကရ နည်းပြကြီးကို အသင်းအတွက် အလိုရှိခဲ့တာပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ မော်ရင်ဟိုက အသင်းလက်မဲ့လည်း ဖြစ်သွားတာကြောင့် နယူးကာဆယ်အနေနဲ့ မော်ရင်ဟိုကို ကြိုးပမ်းလာဖွယ် ရှိနိုင်ပြီး ဆော်ဒီကလပ်တွေကလည်း မော်ရင်ဟိုကို သူတို့အသင်းတွေ ကိုင်တွယ်ပေးဖို့အတွက် မက်မောလောက်စရာ ကမ်းလှမ်းမှုများ လုပ်ဆောင်လာဖို့ ရှိနေပါတယ်။