ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဂိုးသမားနေရာ အတွက် ယခုနှစ် ဘောလုံးရာသီမှာ အရန်ခုံနဲ့သာ နှစ်ပါးသွားနေရတဲ့ အာဆင်နယ်ရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ရမ်စဒဲလ်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

နယူးကာဆယ်က သူတို့ရဲ့ ဂိုးသမားနေရာမှာ အင်္ဂလန်လက်ရွေးစင် ဂိုးသမား နစ်ပုတ် ၊ ဆလိုဗက်ကီးယား ဂိုးသမား ဒူဗရက်ကာ ၊ ဂျာမဏီ ဂိုးသမား ကာရီးယပ်စ် စတဲ့ ဂိုးသမား ၃ဦး အထိ ပိုင်ဆိုင်ထားပေမယ့် နစ်ပုတ် တဦးထဲကသာ ပုံမှန် လက်စွမ်းကောင်း တရပ် ပြသထားနိုင်ပြီး ကျန်တဲ့ ဂိုးသမား နှစ်ဦးက ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ လက်စွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ ဒူဗရက်ကာနဲ့ ကာရီးယပ်စ်တို့ နှစ်ဦးစလုံးကို ရောင်းထုတ်ကာ နစ်ပုတ်နဲ့အပြိုင် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ယှဉ်လုနိုင်မယ့် ဂိုးသမားကောင်း တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး နယူးကာဆယ်ရဲ့ နံပါတ်တစ်ပစ်မှတ်ကတော့ အာဆင်နယ်ရဲ့ အရန်ဂိုးသမား ရမ်စဒဲလ်ပဲ ဖြစ်ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန်ဂိုးသမား ရမ်စဒဲလ်က ၂၀၂၁ခုနှစ်မှာ ရှက်ဖီးလ် ယူနိုက်တက် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက အာဆင်နယ်ဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အာဆင်နယ် နည်းပြချုပ် အာတီတာက ရမ်စဒဲလ်ရဲ့ ဘောလုံးကိုင် ကစားတဲ့ ပုံစံကို သဘောမကျတာကြောင့် စပိန်ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူခဲ့ပါတယ်။

Photo Credit: Team Talk

ဒေးဗစ် ရာယာ ရောက်ရှိလာပြီးနောက် ရမ်စဒဲလ်က ပွဲထွက်ခွင့် တချို့ ရခဲ့ပေမယ့် ကစားခွင့် ရတဲ့ ပွဲတွေမှာ အမှားတွေ လုပ်မိခဲ့တာကြောင့် အရန်ခုံဆီ အပို့ခံခဲ့ရပြီး ရမ်စဒဲလ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲသာ ကစားခွင့် ရရှိခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ရဲ့ နည်းပြချုပ် အက်ဒီဟောင်းဟာ ရမ်စဒဲလ်နဲ့ ဘုန်းမောက်မှာ လက်တွဲခဲ့ဖူးတာကြောင့် သူ့ရဲ့ တပည့်ဟောင်း ရမ်စဒဲလ်ကို နယူးကာဆယ်ဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရမ်စဒဲလ်ကလည်း အာဆင်နယ်ကို စွန့်ခွာကာ ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းဆီ ပြောင်းဖို့ ဆုံးဖြတ်ထားတာကြောင့် ရမ်စဒဲလ်ဟာ နယူးကာဆယ်ရဲ့ ကစားသမား ဖြစ်လာနိုင်ချေ ရှိနေကြောင်း သိရှိရပါတယ်။