ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိကပစ်မှတ် ဖြစ်တဲ့ စတုဂတ် တိုက်စစ်မှူး ဂွီရက်ဆီကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဆော်ဒီတော်ဝင်မိသားစုပိုင် နယူးကာဆယ်က ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ထိပ်တန်း ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေကာ ခေါ်ယူခဲ့တာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရခဲ့သလို ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းရဲ့ ကစားသမား အင်အားကို ဆက်လက် ဖြည့်တင်းဖို့ စီစဉ်ထားပြီး ဦးစားပေး ခေါ်ယူမယ့် နေရာတွေကတော့ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းပဲ ဖြစ်ပါတယ်။

နယူးကာဆယ်က တိုက်စစ်ပိုင်းမှာ ကော်လန် ဝီလ်ဆန် ၊ ဂျာကော့ဘ် မာဖီနဲ့ အီဆက် စတဲ့ တိုက်စစ်မှူး ၃ဦးကိုသာ ပိုင်ဆိုင်ထားပြီး အဆိုပါ ၃ဦးအနက် မာဖီက ဆောင်းဈေးကွက်မှာ အသင်းပြောင်းဖို့ စီစဉ်နေသလို ဝီလ်ဆန်ကလည်း မကြာခဏ ဒဏ်ရာရတတ်ပါတယ်။

Photo Credit: Telegraph

ဒီအခြေအနေတွေကြောင့်ပဲ နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ တန်ဖိုးသင့် တိုက်စစ်မှူး ၁ဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး သူတို့ရဲ့ ထိပ်သီးပစ်မှတ်ကတော့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၇.၅သန်းသာ ရှိတဲ့ ဂွီရက်ဆီပဲ ဖြစ်ပါတယ်။

နာမည်ကြီး ဂျာမဏီ သတင်းထောက်တွေ ဖြစ်တဲ့ ခရစ်ရှန် ဖော့ခ်နဲ့ ပလက်တန်ဘက်တို့ရဲ့ ဖော်ပြချက်တွေအရ နယူးကာဆယ်က ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတဲ့ ဂွီရက်ဆီကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားလာပြီး နယူးကာဆယ်ဟာ ဂွီရက်ဆီကို ခေါ်ယူဖို့ ခပ်မြန်မြန်ပဲ လှုပ်ရှားလာဖွယ် ရှိနေကြောင်း သိရပါတယ်။