ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်က ပြည်တွင်းပြိုင်ဘက် မန်ချက်စတာ စီးတီးရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် အယ်လ်ဖီ ဟာရီဆန်ကို ခေါ်ယူဖို့ အသင်းနဲ့ရော ၊ ကစားသမားနဲ့ပါ တရားဝင် သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၁၈နှစ် အရွယ် လူငယ်ကွင်းလယ်ကြယ်ပွင့် အယ်လ်ဖီ ဟာရီဆန်က မန်ချက်စတာ စီးတီးရဲ့ အကယ်ဒမီမှာ အတော်လေး နာမည်ကြီးသူ ဖြစ်ပြီး သူက လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ဖီးလ် ဖိုဒန်လိုမျိုး စီးတီးအတွက် အားကိုးရတဲ့ ကစားသမား ဖြစ်လာမယ့်သူလို့ ထင်ကြေးပေးခံထားရသူပါ။

Photo Credit: The Athletic

အယ်လ်ဖီ ဟာရီဆန်က စီးတီးရဲ့ လူငယ်အသင်းတွေမှာ ခြေစွမ်းပြ ကစားနေတာကြောင့် မန်ချက်စတာ စီးတီးက သူ့ကို ကာလရှည် စာချုပ်သစ် တရပ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမယ့် ၂၀၂၂ခုနှစ်မှာ စီးတီးကို စွန့်ခွာကာ နယူးကာဆယ်ဆီ ပြောင်းရွှေ့သွားတဲ့ စီးတီးရဲ့ တာဝန်ရှိသူဟောင်း ပေါလ် မစ်ဂျလေက ဟာရီဆန်ကို နယူးကာဆယ်ဆီ ပြောင်းလာဖို့ နားချနိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က ဟာရီဆန်ကို ခေါ်ယူဖို့ အတွက် ယမန်နေ့ညမှာပဲ စီးတီးနဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီး နယူးကာဆယ်ဟာ ဟာရီဆန် အတွက် ပြောင်းရွှေ့ကြေး ဘယ်လောက် ပေးချေရမလဲ ဆိုတာ မသိရသေးဘူးလို့ သိရှိရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailကလည်း နယူးကာဆယ်ဟာ ဟာရီဆန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားပြီး ဟာရီဆန်က လာမယ့်ရက်ပိုင်းအတွင်း နယူးကာဆယ်နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ်လို့ ဖော်ပြထားပါတယ်။

နယူးကာဆယ်က အသက် ၁၈နှစ်သာ ရှိသေးတဲ့ ဟာရီဆန်ကို အသင်းကြီးဆီ တခါထဲ ခေါ်ယူကာ နေရာပေးဖို့ ဆုံးဖြတ်ထားပြီး နယူးကာဆယ်ရဲ့ အမာခံ ကွင်းလယ်လူ ဂျိုအယ်လင်တန်က ခွဲစိတ်မှု တခု လုပ်တော့မှာ ဖြစ်တာကြောင့် ဟာရီဆန်ကို မကြာခင်မှာပဲ ပရီးမီးယားလိဂ် ဘောလုံးဇာတ်ခုံပေါ်မှာ မြင်ရနိုင်ပါတယ်။