ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ်ပါ လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြသစ် ဖြစ်သူ အဲရစ် တန်ဟက်ဂ် အတွက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူပေးသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီ အစမှာ နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် အသင်းကြီး တသင်းရဲ့ ရှိသင့် ရှိထိုက်တဲ့ စိတ်ဓာတ် ၊ ခြေစွမ်းနဲ့ စည်းကမ်းတွေကို ပြန်ရထားပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်ကို ပွတ်ကာသီကာ ရှုံးထားပေမယ့် တန်ဟက်ဂ်ရဲ့ လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရလဒ်ပိုင်းတွေ သိသိသာသာ ကောင်းလာတာကိုတော့ ငြင်းလို့ မရပါဘူး။

Photo Credit: Football London

တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ကို စတင် တာဝန်ယူ ကိုင်တွယ်ရတဲ့ အချိန်မှ စတင်ကာ အသင်းရဲ့ စည်းကမ်းပိုင်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့သလို ဆုပေး ၊ ဒဏ်ပေးစနစ်ကိုလည်း ကျင့်သုံးကာ သူ ခေါ်ယူခဲ့တဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ကတ်စ်မဲရိုး ၊ မာတီနက်ဇ် ၊ အန်တိုနီ ၊ အဲရစ်ဆင်နဲ့ မာလာစီယာတို့က မန်ချက်စတာ ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်နေကြပါပြီ။

မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ခံစစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းတွေ တိုးတက်လာခဲ့ပေမယ့် သူတို့ရဲ့ တိုက်စစ်ပိုင်းကတော့ ဂိုးရဖို့ အတွက် ရက်ဖို့ဒ်နဲ့ ဘရူနို ဖာနန်ဒက်တို့ အပေါ် အားကိုးနေရဆဲ ဖြစ်ပြီး တန်ဟက်ဂ်ကလည်း လာမယ့် နွေဈေးကွက်မှာ တိုက်စစ်ပိုင်း အားနည်းချက်ကို ဖာထေးဖို့ ဆုံးဖြတ်ထားကာ တန်ဟက်ဂ်ဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Football London

ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဂယ်ရီနဗီးလ်ကလည်း တန်ဟက်ဂ်ရဲ့ ဟယ်ရီကိန်းကို ခေါ်ယူမယ့် အစီအစဉ်ကို ထောက်ခံသွားပြီး မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ် အတွက် ဟယ်ရီကိန်းကို ရအောင် ခေါ်ပေးသင့်ကြောင်းပါ အကြံပေးသွားခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က – “စပါးပရိသတ်တွေက ကျွန်တော်ဟာ ဟယ်ရီကိန်းကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းလို့ ကျွန်တော့်ကို စိတ်ဆိုးကြမယ်လို့ မထင်ပါဘူး။ ဟယ်ရီကိန်းက ဥရောပတိုက်မှာ ရှိတဲ့ ဘယ်အသင်းကိုမဆို ၊ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းကိုမဆို တိုးတက်အောင် ကူညီနိုင်တဲ့ ကစားသမားမျိုးပါ။ သူက တကယ်ကို ကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်သလို ပရော်ဖက်ရှင်နယ်လည်း ဆန်ပါတယ်။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က သူ့ကို ကျိန်းသေပေါက် ခေါ်သင့်ပါတယ်။ ခင်ဗျားတို့ အခု ယူနိုက်တက်ကို ကြည့်လိုက်လေ။ သူတို့က မာရှယ်ကို အထောင်တိုက်စစ်မှူး အဖြစ် ကစားခိုင်းနေရသလို ဗက်ဟို့စ်ကိုလည်း ရာသီကုန်အထိ အငှားနဲ့ ခေါ်ထားရပါတယ်။ ဒါပေမယ့် သူတို့တွေက ဒီထက်ပိုပြီး အချိန်ဆွဲနေလို့ မရတော့ပါဘူး။ ယူနိုက်တက်က ရိုနယ်ဒိုနဲ့ ကာဗာနီတို့လို တိုက်စစ်မှူးတွေကို ဆုံးရှုံးထားရတာပါ။ ဒီတော့ သူတို့က အဲ့ဒီနေရာကို သေချာပေါက် အင်အားဖြည့်တင်းရပါမယ်။ ယူနိုက်တက်က တန်ဟက်ဂ် လိုချင်နေတဲ့ အထောင်တိုက်စစ်မှူး စစ်စစ် တဦးကို ခေါ်ယူပေးသင့်နေပါပြီ။ ဒါကြောင့် ကျွန်တော်ကတော့ ယူနိုက်တက်ဟာ မကြာခင်မှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ပြောင်းရွှေ့ကြေး မြင့်မြင့် ပေးပြီး ခေါ်ယူမယ်လို့ ယုံကြည်ထားသလို ဟယ်ရီကိန်းက ယူနိုက်တက် အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု တခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကိန်းကို စပါးကနေ ဆွဲထုတ်ဖို့ ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။