မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခံစစ်ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်က အသင်းရဲ့ ဂိုးသမားနေရာဟာ မျက်စိမှိတ်ထားလို့မရတဲ့ သိသာထင်ရှားလွန်းတဲ့ ပြဿနာ ဖြစ်နေကြောင်းနဲ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ဂိုးသမားသစ်တစ်ဦး အမြန်ဆုံး ခေါ်ယူဖို့အတွက် တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ကစားခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ အဓိကဂိုးသမား အန်ဒရေ အိုနာနာအစား ဝင်ရောက်ပွဲထွက်ခဲ့တဲ့ တူရကီဂိုးသမား အယ်လ်တေး ဘာယင်ဒီယာရဲ့ အမှားအယွင်းကြောင့် ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အာဆင်နယ်ကစားသမား ရီကာဒို ကာလာဖီယိုရီရဲ့ အနိုင်ဂိုးဟာ ဘာယင်ဒီယာက ဘောလုံးကို လက်သီးနဲ့ လှမ်းပုတ်ရာမှာ လုံလောက်တဲ့ ရှင်းလင်းမှု မပြုလုပ်နိုင်ဘဲ သူ့ရဲ့ဧရိယာကို မစိုးမိုးနိုင်ခဲ့ရာကနေတစ်ဆင့် သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ယူနိုက်တက်ရဲ့ ဂန္ထဝင်နောက်ခံလူ နဗီးလ်က ဂိုးသမားနေရာဟာ အသင်းအတွက် အဓိကစိုးရိမ်စရာဖြစ်ပြီး အမြန်ဆုံးဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ Sky Sports ကနေတဆင့် အခုလိုပဲ ပြောဆိုလိုက်ပါတယ်။

Photo Credit : The Independent

“ယူနိုက်တက်မှာ လျစ်လျူရှုထားလို့ လုံးဝမရတဲ့ သိသာထင်ရှားတဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ သူတို့ ဂိုးသမားသစ်တစ်ယောက် ရှာဖို့ လိုအပ်နေတာပါပဲ။ ဒါဟာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စဖြစ်ပြီး ဒီအပေါ်မှာ ကျွန်တော် လုံးဝကို သံသယမရှိပါဘူး။”

“ကျွန်တော် ယူနိုက်တက်မှာ နှစ် ၂၀ ကြာ ကစားခဲ့တဲ့ အတွေ့အကြုံအရ ပြောရရင် ရှမိုက်ကယ်နဲ့ ဗန်ဒါဆားတို့လို ဂိုးသမားကောင်းတွေ ရှိခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်တာ ကာလကြီး နှစ်ခု ရှိခဲ့ပါတယ်။ အဲဒီကြားကာလတွေမှာတော့ ၇ နှစ်၊ ၈ နှစ်အတွင်း ဂိုးသမား ၇-၈ ယောက်လောက် ပြောင်းလဲခဲ့ရတယ်။ ကိုယ့်ရဲ့ (၆)ကိုက်စည်းကို ပိုင်နိုင်စွာ စိုးမိုးနိုင်ပြီး ဘောလုံးတိုင်းကို ထွက်ရှင်းရဲတဲ့ နောက်တန်းကစားသမားတွေ အမှားလုပ်တဲ့အခါ အမှတ်တွေမဆုံးရှုံးအောင် ကယ်တင်ပေးနိုင်တဲ့ နံပါတ်တစ် ဂိုးသမားကောင်းတစ်ယောက် မရှိတာဟာ အသင်းကို တည်ငြိမ်မှု အရမ်းပျက်စေပါတယ်။” လို့ နဗီးလ်က ရှင်းပြခဲ့ပါတယ်။

Photo Credit : Daily Mail

ဒါ့အပြင် နဗီးလ်က ယူနိုက်တက်ရဲ့ ဂိုးသမားပြဿနာကို ဖြေရှင်းနိုင်မယ့် ဂိုးသမား နှစ်ဦးကိုလည်း အမည်တပ် ထောက်ပြခဲ့ပါသေးတယ်။ သူက “လောလောဆယ် နာမည်ထွက်နေတဲ့ ဂိုးသမားနှစ်ယောက်ကို ကြည့်မယ်ဆိုရင် ဒွန်နာရမ်မာနဲ့ မာတီနက်ဇ်တို့ပါပဲ။ ဒီနှစ်ယောက်က ယူနိုက်တက်အတွက် သင့်တော်တယ်လို့ ကျွန်တော်ပြောရတဲ့အကြောင်းရင်းက သူတို့ဟာ ဥရောပမှာ အကောင်းဆုံး ဂိုးသမားတွေဖြစ်လို့ ဒါမှမဟုတ် အံ့မခန်းစွမ်းဆောင်နိုင်လို့ ဆိုတာထက် သူတို့မှာ သြဇာကြီးမားတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်နိုင်စွမ်းနဲ့ အရည်အသွေးတွေ ရှိနေလို့ပါပဲ။ ဒွန်နာရမ်မာဆိုရင် အီတလီအတွက် ယူရိုဖိုင်နယ်မှာ ပင်နယ်တီတွေ ကာကွယ်ပြပြီး သူ့ကိုယ်သူ ဘယ်လောက်တောင် ကြီးကျယ်တဲ့ ဂိုးသမားလဲဆိုတာ သက်သေပြခဲ့တယ်။ PSG အတွက်လည်း ဖိအားကြီးတဲ့ပွဲတွေမှာ ကစားနေရတာကို အားလုံးမြင်ပြီးသားပါ”

“မာတီနက်ဇ်ကလည်း ကမ္ဘာ့ဖလား ချန်ပီယံတစ်ယောက်ပါ။ သူတို့နှစ်ယောက်လုံးဟာ အလွန်ကြီးမားတဲ့ ဖိအားတွေအောက်မှာ ကစားခဲ့ဖူးပြီး ထိပ်တန်းဂိုးသမားတစ်ယောက်မှာ ရှိသင့်တဲ့ မာနနဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေ ပြည့်ဝတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ ဂိုးသမားနေရာကို အမြန်ဆုံး အဖြေရှာသင့်ပါတယ်။ မဟုတ်ရင်တော့ ဂိုးတွေ ဆက်ပေးနေရပြီး အမှတ်တွေ ဆက်လက်ဆုံးရှုံးနေဦးမှာဖြစ်သလို အသင်းရဲ့ ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်စေပါလိမ့်မယ်” လို့ နဗီးလ်က အကြံပြုခဲ့ပါတယ်။