Sky Sports ဗြိတိန် နာမည်ကြီး အားကစား ရုပ်သံရဲ့ နာမည်ကျော် Pundit ဂယ်ရီနဗီးလ်ကတော့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးက ချယ်လ်ဆီးကို သူတို့ရဲ့အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ခက်ခက်ခဲခဲ ကစားရနိုင်တယ် ခန့်မှန်း သုံးသပ်လိုက်ပါတယ်။

ဒီနေ့ည (၁၁)နာရီအချိန်မှာ ဒီတစ်ပတ် Super Sunday ရဲ့ အကောင်းဆုံး နဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ချယ်လ်ဆီး နဲ့ မန်စီးတီးအသင်းတို့က ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ရင်ဆိုင်သွားကြမှာပဲ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ချယ်လ်ဆီးက ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေမှာ ဘရန့်ဖို့ဒ် ဗီလာ နော်တင်ဟမ်တို့ကို အရေးနိမ့်ခဲ့ပေမယ့်လည်း အာဆင်နယ် လီဗာပူးလ်တို့ကိုတော့ အခက်တွေ့အောင် ကစားထားနိုင်ခဲ့ပြီး အဲ့ဒီ(၂)ပွဲလုံး အကောင်းဆုံးပုံစံ ရအောင် ကစားနိုင်ခဲ့ပါတယ်။

မန်စီးတီးကတော့ အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက်ထိ အနိုင်ရထားခဲ့သလို တိုက်စစ်ကလည်း စုစုပေါင်း (၁၁)ဂိုးအထိတောင် သွင်းယူထားနိုင်ပါတယ်။ စီးတီး တိုက်စစ်မှာ ဟာလန်းက ဂိုးမြူးနေပြီး ဒိုကူကလည်း အတော်လေး ခြေစွမ်းပြသလျက် ရှိနေပါတယ်။

Photo Credit : Football365

ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ဒီပွဲစဉ်ဟာ အတော်လေးကို စိတ်ဝင်စရာ အလွန်ကောင်းနေပြီး ဒီပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဘောလုံးသမားဟောင်းကြီး ဂယ်ရီနဗီးလ်က သူရဲ့ ထင်မြင်ချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။

“မန်ချက်စတာ စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးတို့ အဆင်ပြေမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ ဒီရာသီမှာ သူတို့ထက် ပိုကောင်းတဲ့ အသင်းတွေနဲ့ ယှဉ်ကစားရတဲ့ အခါမျိုးမှာ သူတို့ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲရလဒ်က 1-1 ဖြစ်ပါလိမ့်မယ်။” လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။