မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်ကတော့ လာမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ် ဟော့စပါးအသင်းက ကစားသမား တစ်ယောက်ချင်းစီနဲ့ ယှဉ်ကြည့်ရင် အသာစီးရနေတယ်လို့ ဝန်ခံလိုက်ပြီး ယူနိုက်တက်ရဲ့ ဗိုလ်လုပွဲ မျှော်လင့်ချက်အပေါ် အတော်လေး အဆိုးမြင်နေပါတယ်။
နဗီးလ်က နည်းပြ အန်ဂ် ပိုစတီကိုဂလူးရဲ့ စပါးအသင်းမှာ ယူနိုက်တက် ကစားသမား တစ်ဦးတည်းသာ သေချာပေါက် ပွဲထွက်ခွင့်ရမယ့်သူ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် နဗီးလ်က လာမယ့်အပတ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရင် ဖြစ်လာမယ့် ရေရှည် အကျိုးဆက်တွေကိုပါ တကယ်ကို စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး စိတ်ထဲမှာပါ မအီမသာ ဖြစ်နေမိတယ်လို့ ဆိုပါတယ်။
Photo Credit : Sportskeeda
“လာမယ့် တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဒီပွဲအတွက် ကျွန်တော် စိတ်ထဲမှာ တကယ်ကို မအီမသာ ခံစားနေရပါတယ်။” လို့ Overlap Fan Debate မှာ နဗီးလ်က ပြောပါတယ်။ “အဓိက အကြောင်းရင်းကတော့ တော့တင်ဟမ် အသင်းမှာရှိတဲ့ ကစားသမား တစ်ဦးချင်းစီကို ကျွန်တော် ကြည့်လိုက်တဲ့အခါ ကူလူဆက်ဗ်စကီး၊ ဆွန်ဟောင်မင် ၊ ဘရန်နန် ဂျွန်ဆင်၊ ဆိုလန်ကီ၊ မက်ဒီဆန် ရှိနေမယ်ဆိုရင် ဘစ်ဆူးမား နဲ့ ပက်ပ် မာတာ ဆား၊ ရိုမဲရိုး နဲ့ ဗန်ဒီဗန်၊ ပေါ်ရို နဲ့ အူဒိုဂီ ဒီကစားသမားတွေကို ယူနိုက်တက် ကစားသမားတွေနဲ့ တစ်ယောက်ချင်းစီ ယှဉ်ကြည့်လိုက်တဲ့အခါ ဖာနန်ဒက်စ် တစ်ဦးတည်းပဲ စပါးရဲ့ ပွဲထွက် (၁၁)ယောက်ထဲ ဝင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ သူက ဆိုပါတယ်။
“ကျွန်တော်ကတော့ တော့တင်ဟမ် ကစားသမားတိုင်းကို ရွေးချယ်မှာပါ။ ဂိုးသမား နေရာကတော့ ၅၀/၅၀ ပါပဲ။ ဘာလို့လဲဆိုတော့ ဗီကာရီကို ကျွန်တော် မကြိုက်သလို အိုနာနာကိုလည်း မနှစ်သက်လို့ပါ။ ရိုးရိုးသားသား ပြောရရင် အူဒိုဂီ ပေါ်ရို ဗန်ဒီဗန် ရိုမဲရိုး ဘစ်ဆူးမား ဆား ဂျွန်ဆင် မက်ဒီဆန် ဆိုလန်ကီ ကူလူဆက်ဗ်စကီး ဆွန်ဟောင်မင်တို့နဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့်ပွဲအတွက် တော့တင်ဟမ် ကစားသမားတိုင်းကို မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေထက် ကျွန်တော် ပိုရွေးမှာပါ။ ဒါက ကျွန်တော့်ရဲ့ စိုးရိမ်မှုပါပဲ။” လို့ နဗီးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
Photo Credit : Sky Sports
နဗီးလ်က “ခု ဖြစ်ပျက်နေတာတွေကို ကြည့်လိုက်တဲ့အခါ တကယ်ကို စိုးရိမ်ဖို့ ကောင်းပါတယ်။ ယူရိုပါလိဂ်ကို မနိုင်ခဲ့ဘူးဆိုရင် လာမယ့်ရာသီ သူတို့လိုချင်တဲ့ ကစားသမားတွေကို ရမှာမဟုတ်ဘူး၊ ဒါ့အပြင် ချန်ပီယံလိဂ်ကိုလည်း ပြန်မဝင်နိုင်တော့ဘူးဆိုတဲ့ သဘောဖြစ်ပြီး အသင်းက (၂)နှစ် (၃)နှစ်လောက် နောက်ထပ် နှောင့်နှေးသွားနိုင်ပါတယ်။ ကျွန်တော့်ကို အသက်ဆက် ရှင်သန်စေတဲ့ တစ်ခုတည်းသော အရာကတော့ ကက်စ်မဲရိုး ဘရူနိုတို့လို ကစားသမားတွေမှာ တစ်ပွဲကောင်းအတွက် စွမ်းဆောင်ရည်တွေရှိနေလို့ ကျွန်တော်တို့ နိုင်လိမ့်မယ်လို့ ထင်နေမိတာပဲ။ ဒါပေမယ့် ကစားသမားတွေက သူတို့ရဲ့ ပုံမှန်ခြေစွမ်းအတိုင်း ကစားကြမယ်ဆိုရင်တော့ တော့တင်ဟမ်ကပဲ ဒီပွဲကို နိုင်သင့်တယ်။” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။
နဗီးလ်ကို နည်းနည်း စိတ်သက်သာရာ ရစေမယ့် အချက်ကတော့ စပါး ကွင်းလယ် ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆန် ဒီပွဲကို ပါဝင်နိုင်မှာ မဟုတ်တာပါပဲ။ မက်ဒီဆန်က ဆီမီးဖိုင်နယ် ပထမအကျော့ ဘိုဒိုဂလင့်အသင်းနဲ့ပွဲမှာ ဒူးဒဏ်ရာ ရခဲ့တာကြောင့် ယူနိုက်တက်နဲ့ ကစားရမယ့် ဗိုလ်လုပွဲ လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။