မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်က ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်ရဲ့ ဆိုးရွားတဲ့ နည်းဗျူဟာကို ပြင်းထန်စွာ ဝေဖန်လိုက်ပြီး ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ကက်စီမဲးရိုးတို့ဟာလည်း တော့တင်ဟမ်နဲ့ ပွဲစဉ်အတွင်း ဘောလုံးစည်းမျဉ်အားလုံးကို ချိုးဖောက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
စပါးနဲ့ ယူနိုက်တက်အသင်းတို့ဟာ မနေ့ညက စပါးရဲ့အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရင်း ဂျိမ်းစ် မက်ဒီဆင်ရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ စပါးတို့ နိုင်ပွဲရသွားခဲ့တာကြောင့် စပါးက အဆင့်(၁၂)အထိ တက်လှမ်းနိုင်ခဲ့ရပေမယ့်လည်း ယူနိုက်တက်ကတော့ အဆင့်(၁၅)ထိတောင် ရောက်ရှိသွားသလို ဒီရာသီထဲမှာလည်း ပရီးမီးယားလိဂ် ရှုံးပွဲက (၈)ပွဲအထိ ရှိသွားခဲ့ရပါတယ်။
Photo Credit : Goal
ဒီပွဲမှာ ယူနိုက်တက်က ဒဏ်ရာ ပြဿနာများကြောင့် အကယ်ဒမီက ကစားသမားလေးတွေကို အရန်လူစာရင်းမှာ ထည့်သွင်းလာခဲ့ရသလို ပွဲအတွင်း အသင်းရဲ့ ကစားပုံကလည်း ကစားသမားတိုင်းလိုလိုမှာကို လိုအပ်ချက်တွေ ရှိနေခဲ့ရပါတယ်။ ဒီအခြေအနေကို ဂယ်ရီ နဗီးလ်က “ကွင်းလယ်ကစားသမား နှစ်ယောက်ကြားက အကွာအဝေးအကြောင်းကို ခုဏလေးကတင် ပြောခဲ့ပါတယ်။”
“ကက်စီမဲရိုး ဘယ်မှာရှိနေသလဲ။ ဘရူနို ဖာနန်ဒက်စ် ဘယ်မှာရှိနေလဲ ကြည့်ပါ။ ဒါ မဖြစ်သင့်ပါဘူး။ ဒါဟာ ဘောလုံးရဲ့ စည်းမျဉ်းအားလုံးကို ချိုးဖောက်နေတာပါ။ သူတို့ကို ကြည့်လိုက်ပါ။ လုံးဝ ရူးသွပ်မှုပါပဲ။ သူတို့ ဂိုးသွင်းတွေ သွင်းနိုင်တယ် ဆိုပေမယ့် အသင်းရဲ့ ဖွဲ့စည်းပုံက ဆိုးရွှားပါတယ်။ အဲ့ဒီ ကွင်းလယ်မှာ ကွာဟချက်တွေက နည်းဗျူဟာပိုင်းဆိုင်ရာ ကိစ္စပါ။ သူတို့ အဲ့ဒီလို လုပ်ဆောင်ဖို့ ညွန်ကြားခံထားရတာ။”
Photo Credit : Sporting News
“ဘရူနို ညာတောင်ပံမှာ ကစားနေတာက တကယ် ရှက်စရာကောင်းပါတယ်။ အသက် (၉)နှစ်အောက် ဒါမှမဟုတ် (၁၀)နှစ်အောက်တွေတောင် ဒီလိုမျိုးတွေ တွေ့ရမှာ မဟုတ်ဘူး။ ဇက်ဇီးက နယူးကာဆယ်နဲ့ပွဲကို ဘယ်လိုကစားခဲ့ရသလဲဆိုတော့ သူက တစ်ဖက်ကိုပဲ ထွက်ကစားနေရတာ အမော်ရင်က အဲ့ဒီမှာပဲ ကစားဆိုပြီး ပြောခဲ့လို့ပါ။”
“အဲ့ဒီလိုဆိုရင် နောက်က နှစ်ယောက်အတွက်က အဆင်မပြေတော့ဘူး။ အလယ်တန်းမှာ အဲ့ဒီလောက် ဟာနေတာက တော်တော်ဆိုးတယ်။” လို့ မှတ်ချက်ပြု ဝေဖန် ပြောဆိုသွားခဲ့ပါတယ်။ နည်းပြ အမော်ရင်ဟာ စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်ကို ပြောင်းလဲ ကိုင်တွယ်ခဲ့ပြီးနောက် ပြိုင်ပွဲစုံ (၂၁)ပွဲ ကိုင်တွယ်ထားရာ (၉)ပွဲနိုင် (၉)ပွဲရှုံး (၃)ပွဲသရေကျထားခဲ့ပါတယ်။