ဘောလုံးသမားဟောင်းနဲ့ လက်ရှိ Pundit တစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီ နဗီးလ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်မှန်းနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးအသင်းကို မဖြစ်မနေ အနိုင်ကစားထားဖို့ လိုအပ်တယ်လို့ သုံးသပ် ပြောဆိုလာခဲ့ပါတယ်။

ဒီတစ်ပတ်ရဲ့ တနင်္ဂနွေနေ့မှာပဲ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ မန်စီးတီးရဲ့ အယ်လ်တီဟတ် ဘောလုံးကွင်းကြီးထဲ ယှဉ်ပြိုင်သွားကြတော့မှာဖြစ်ပြီး ဒီပွဲက နှစ်သင်းလုံးအတွက် အရေးပါနေတာကြောင့် လုံးဝ အမှားမခံစတမ်း အကြိတ်အနယ် ကစားသွားကြရမှာ သေချာနေပါတယ်။

Photo Credit : Sky Sports

ဒါ့အပြင် အာဆင်နယ်နည်းပြ အာတီတာအနေနဲ့လည်း ဂွာဒီယိုလာရဲ့လက်ထောက်နည်းပြဘဝကနေ အာဆင်နယ်အသင်းနည်းပြအဖြစ် ပြောင်းလဲခဲ့ပြီးနောက်ပိုင်း အယ်လ်တီဟတ်မှာ မန်စီးတီးကို တစ်ကြိမ်တစ်ခါမှ အနိုင်မယူဖူးသေးတဲ့ အစဉ်အလာဆိုးကိုပါ ချိုးဖျက်ပစ်နိုင်ဖို့ လိုအပ်နေပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး နဗီးလ်က “အာဆင်နယ်က မန်စီးတီးကို အနိုင်ယူဖို့ လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်ရတဲ့ အကြောင်းအရင်းကတော့ အာဆင်နယ်ဟာ အိုးထရက်ဖို့ဒ်နဲ့ တော့တင်ဟမ်တို့လို တခြားကွင်းတွေမှာ သွားကစားရဦးမှာ ဖြစ်လို့ပါ။”

Photo Credit : Sky Sports

“မန်စီးတီးအသင်းရဲ့ ချန်ပီယံ စိတ်ဓါတ်တွေကို အမှန်တကယ် ပြောင်းလဲနိုင်ဖို့ ၊ သူတို့ စိတ်ဓါတ်ကို ရိုက်ချိုးပစ်နိုင်ဖို့အတွက်နဲ့ သူတို့ထက် ပိုကောင်းတဲ့အသင်း ဖြစ်တယ်ဆိုတာကို ယုံကြည်လာအောင် လုပ်ဆောင်သွားရပါမယ်။”

“အရင်တုန်းက အိုးထရက်ဖို့ဒ်မှာ သူတို့အသင်း လာကစားတိုင်း အိုဗားမားစ် ဂိုးသွင်းယူနိုင်ခဲ့တာတို့ ဝီးတော့ဒ် ဂိုးသွင်းယူနိုင်ခဲ့တာဆိုရင် ကျွန်တော်တို့ တုန့်လှုပ်ပြီး အံ့အားသင့်ခဲ့ရပါတယ်။ အယ်လ်တီဟတ်မှာ သရေတစ်မှတ် ရယူနိုင်မယ်ဆိုရင်တော့ ဒါကို ကျေနပ်စရာကောင်းတဲ့ ရလဒ်မဟုတ်ဘူးလို့ မဆိုလိုနိုင်ပေမယ့် မန်စီးတီးကလည်း သူတို့ကွင်းမှာ အမှားခံမှာ မဟုတ်ပါဘူး။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။