ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်ကတော့ လီဗာပူးရဲ့ နည်းပြချုပ် ယာဂင် ကလော့ပ်ဟာ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဂွာဒီယိုလာထက် ပိုတော်တဲ့ နည်းပြတဦး ဖြစ်ကြောင်း ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးနဲ့ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးတို့က နောက်ပိုင်းနှစ်တွေမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း နှစ်သင်း အဖြစ် သတ်မှတ်ခံထားရပြီး မန်ချက်စတာ စီးတီးက ပြည်တွင်းဖလားတွေ တောက်လျှောက် ရယူထားနိုင်သလို လီဗာပူးကလည်း ဥရောပမြေမှာ အောင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Express

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းတွေ ဖြစ်လာတာကြောင့် ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ ကြားထဲမှာ ဘယ်သူက ပိုကောင်းတဲ့ နည်းပြလဲ ဆိုတဲ့ မေးခွန်းတခု ထွက်ပေါ်လာခဲ့ပြီး တချို့လူတွေက နည်းစနစ်ပိုင်း ကျေညက်တဲ့ ဂွာဒီယိုလာဟာ ပိုကောင်းတဲ့ နည်းပြလို့ ပြောနေကြသလို တချို့ကလည်း ကစားသမားတွေကို မိသားစုဝင်လို ပေါင်းသင်းကာ စိတ်ဓာတ်ပိုင်း မြှင့်တင်ပေးတတ်တဲ့ ကလော့ပ်ဟာ ပိုကောင်းတဲ့ နည်းပြလို့ ဆိုနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဂယ်ရီနဗီးလ်ကတော့ ကလော့ပ်ရဲ့ ပရိသတ် တဦး ဖြစ်ပြီး ဂယ်ရီနဗီးလ်က နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကလော့ပ်ဟာ ဂွာဒီယိုလာထက် ပိုတော်တဲ့ နည်းပြတဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Express

ဂယ်ရီနဗီးလ်က – “ယာဂင် ကလော့ပ်က ပြဿနာ တခုနဲ့ ကြုံလာရင် ခေါင်းရှောင်တတ်တဲ့ နည်းပြမျိုး မဟုတ်ပါဘူး။ သူက အကျင့်စာရိတ္တပိုင်းမှာ အတော်လေး ကောင်းတဲ့ နည်းပြတယောက်ပါ။ သူက လီဗာပူးကို အကောင်းဆုံး ကိုင်တွယ်ပြထားသလို သူဟာ ဂွာဒီယိုလာနဲ့ တတန်းထဲ ရှိတဲ့ နည်းပြ (ဒါမှမဟုတ်) ဂွာဒီယိုလာထက်တောင် ပိုတော်တဲ့ နည်းပြတဦးလို့ပဲ မြင်ပါတယ်။ ချယ်လ်ဆီးက ဒီရာသီမှာ ပေါင် ၃၀၀သန်းကျော် အထိ သုံးစွဲထားပါတယ်။ တကယ်လို့ ကလော့ပ်ကသာ အဲ့ဒီလောက် ငွေပမာဏကို သုံးစွဲခွင့် ရမယ် ဆိုရင် သူက လီဗာပူးကို အင်အားကြီးအသင်း တသင်း ပြန်ဖြစ်လာအောင် လုပ်ပြပါလိမ့်မယ်။ ကျွန်တော်ကတော့ လီဗာပူးနဲ့ ကလော့ပ်တို့ရဲ့ ဇာတ်လမ်းဟာ မပြီးသေးဘူးလို့ပဲ ထင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။