ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်ကတော့ ပူပူနွေးနွေး ကွန်မြူနတီဒိုင်း ချန်ပီယံ အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးကို ကျော်ဖြတ်ပြီး ရာသီသစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

စပိန်လူမျိုး ထိပ်သီးနည်းပြတွေ ဖြစ်တဲ့ ဂွာဒီယိုလာနဲ့ အာတီတာတို့ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်းပိုင်းရော ၊ လူအင်အားပိုင်းပါ အကောင်းဆုံးအသင်းတွေ ဖြစ်ကြပြီး မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ရာသီမှာ ဖလား ၃လုံး ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အာဆင်နယ်ကလည်း ဒီနွေမှာ အားရစရာ ကောင်းတဲ့ လူအင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်ထားပါတယ်။

Photo Credit: Arsenal

မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်ကို နောက်ကောက်ချကာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အာဆင်နယ်က ဒီနွေဈေးကွက်မှာ ကိုင် ဟားဗက်ဇ် ၊ တင်းဘား ၊ ဒီကလန်ရိုက်စ် စတဲ့ အရည်အသွေးမြင့် ထိပ်တန်း ကစားသမားတွေကို ခေါ်ယူထားနိုင်တာကြောင့် ရာသီသစ်မှာ မန်ချက်စတာ စီးတီးကို စိန်ခေါ်နိုင်စွမ်း ရှိနေပါတယ်။

ဒါ့အပြင် အာဆင်နယ်က ကွန်မြူနတီဒိုင်းလုပွဲမှာလည်း မန်ချက်စတာ စီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရထားတာကြောင့် သူတို့အသင်းရဲ့ စိတ်ဓာတ်ပိုင်းက အမြင့်ကို ရောက်နေပြီး ဘောလုံးရေးရာ သုံးသပ်သူ တဦး ဖြစ်တဲ့ ဂယ်ရီနဗီးလ်ကလည်း အာဆင်နယ်နဲ့ စီးတီးတို့ဟာ အဆင့်အတန်း တူတဲ့ အနေအထားမျိုး ရောက်နေပြီ ဖြစ်တာကြောင့် အာဆင်နယ်က ရာသီသစ်မှာ မန်ချက်စတာ စီးတီးကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Sky Sports

ဂယ်ရီနဗီးလ်က – “အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ ကြားထဲမှာ ကြီးမားတဲ့ ကွာဟချက်မျိုး မရှိတော့ပါဘူး။ အာဆင်နယ်က ဒီနွေဈေးကွက်ထဲမှာ အကောင်းဆုံး လှုပ်ရှားထားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ရာသီသစ်မှာ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်။ စီးတီးက ဒုတိယနေရာပဲ ရပါလိမ့်မယ်။ အာဆင်နယ်က စီးတီးကို အနိုင်ယူနိုင်တယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်” ဆိုပြီး ခန့်မှန်း သုံးသပ်လာခဲ့တာပဲ ဖြစ်ပါတယ်။