ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘယ်အသင်းတွေက ပရီးမီးယားလိဂ်ရဲ့ အဆင့်(၄) အတွင်းမှာ ဝင်ရောက်မလဲ ဆိုတာကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ခန့်မှန်း သုံးသပ်ပြသွားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ ပရိသတ် အားပေးမှု အများဆုံးလိဂ် အဖြစ် သတ်မှတ်ခံထားရတဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ပြိုင်ဆိုင်နေတဲ့ အသင်းကြီး ၆သင်း အထိ ရှိနေသလို နယူးကာဆယ် ၊ ဘရိုက်တန် စတဲ့ ဖျက်မြင်းအသင်းတွေလည်း ရှိနေပါသေးတယ်။

Photo Credit: Metro

ယခုအချိန်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နေတဲ့ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ နှစ်သင်းကပဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရထားပြီး လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့် ၂နေရာစာ ဖြစ်တဲ့ အဆင့်(၃)နဲ့ အဆင့်(၄) နေရာတွေ အတွက် မန်ချက်စတာ ယူနိုက်တက် ၊ နယူးကာဆယ် ၊ စပါး ၊ လီဗာပူးနဲ့ ဘရိုက်တန် စတဲ့ အသင်းတွေက အပြိုင်အဆိုင် ယှဉ်ပြိုင်နေရပါတယ်။

လက်ရှိမှာ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အဆင့်(၃)နဲ့ အဆင့်(၄) နေရာတွေကို သိမ်းပိုက်ထားနိုင်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တဦး ဖြစ်သူ ဂယ်ရီနဗီးလ်ကတော့ လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့် ၂နေရာစာကို သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ကပဲ ရယူသွားနိုင်လိမ့်မယ်လို့ ထင်ကြေးပေးသွားခဲ့ပါတယ်။

Photo Credit: Metro

ဂယ်ရီနဗီးလ်က – “ဒီတပတ်က နယူးကာဆယ် အတွက် အတော်လေးကို ကောင်းခဲ့တဲ့ ရက်သတ္တပတ်ပါ။ သူတို့က မန်ယူ ၊ ဝက်စ်ဟမ်းနဲ့ ဘရန့်ဖို့ဒ်တို့ကို တပတ်ထဲမှာ အနိုင်ယူပြီး ရမှတ် ၉မှတ် အပြည့် စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါက အတော်လေးကို ကောင်းတဲ့ စွမ်းဆောင်ရည် တခုပါ။ ကျွန်တော်က ပြီးခဲ့တဲ့ တပတ်မှာ နယူးကာဆယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရမယ်လို့ အတပ် မပြောရဲခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က မန်ယူ ၊ ဝက်စ်ဟမ်း ၊ ဘရန့်ဖို့ဒ်နဲ့ ဗီလာတို့ကို ၄ပွဲဆက် ယှဉ်ပြိုင်ရမှာမို့လို့ပါ။ ဒါပေမယ့် နယူးကာဆယ်က ကန်သမျှ ပွဲတိုင်းကို အနိုင်ကန်ပြီး စပါးနဲ့ လီဗာပူးကို အခွင့်အရေးတွေ မပေးခဲ့ပါဘူး။ မန်ယူကလည်း နယူးကာဆယ်နဲ့ ပွဲမှာ ခြေစွမ်းပိုင်း ဆိုးရွားခဲ့ပေမယ့် အဲရစ် တန်ဟက်ဂ်နဲ့ သူ့ရဲ့ အဖွဲ့က ရှုံးပွဲကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ သူတို့က အဲဗာတန်ကို ခြေပြတ် ၊ ဂိုးပြတ် အနိုင်ယူခဲ့သလို ဘရန့်ဖို့ဒ်ကိုလည်း နိုင်အောင် ကစားနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကို နိုင်ခဲ့တဲ့ ပွဲက သူတို့အတွက် အတော်လေး အရေးပါခဲ့တယ်လို့ ပြောရပါမယ်။ ဒါကြောင့် ကျွန်တော်ကတော့ အဲ့ဒီနှစ်သင်းကပဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူသွားနိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။