ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီ နဗီးလ်က မန်ချက်စတာ ယူနိုက်တက်ဟာ အိမ်တွင်း အကြမ်းဖက်မှုနဲ့ စွဲချက်တင် စုံစမ်းခံခဲ့ရတဲ့ လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်ကို အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မှု အပေါ် ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညမှာပဲ အသက် ၇နှစ် အရွယ်ထဲက သူတို့အသင်းမှာ ကစားခဲ့တဲ့ လူငယ်ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ကို အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ယူနိုက်တက်က ဂရင်းဝုဒ်ရဲ့ စာချုပ်ကို မဖျက်သိမ်းသေးပေမယ့် ဂရင်းဝုဒ်ဟာ အချိန်တိုအတွင်းမှာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Tribuna

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းမှာ အတူနေချစ်သူ ရော့ဘ်ဆန်အပေါ် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှုကို ခံယူခဲ့ရသလို ၁နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပါသေးတယ်။

ဂရင်းဝုဒ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ သူ့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ သက်သေပြနိုင်ခဲ့ပြီး ဂရင်းဝုဒ်က စွဲချက်တွေ ကနေ လွတ်ကင်းခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ပုံရိပ်ကို ထိခိုက်မှာ စိုးရိမ်တဲ့ အတွက် ဂရင်းဝုဒ်ကို အသင်းဆီ ပြန်ခေါ်နိုင်ဖို့ အချိန်ယူကာ ကြိုးစားခဲ့ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ကို ပြန်ခေါ်နိုင်ဖို့ အတွက် စပွန်ဆာတွေ ၊ ရှယ်ယာရှင်တွေနဲ့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး အားလုံးက ဂရင်းဝုဒ်ကို ပြန်ခေါ်ဖို့ ခွင့်ပြုလိုက်ချိန်မှာပဲ ယူနိုက်တက်ရဲ့ မိန်းကလေး ပရိသတ် တချို့နဲ့ အသင်းဝန်ထမ်း တချို့က ဂရင်းဝုဒ် ပြန်လာမယ့် ကိစ္စကို ကန့်ကွက်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်နဲ့ လမ်းခွဲဖို့သာ ပြန်ပြောင်း ဆုံးဖြတ်ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဂယ်ရီ နဗီးလ်ကတော့ ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံ ကြိုဆိုသွားခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့လူကို ဘယ်လိုမှ ခွင့်လွှတ်ပေးစရာ မလိုဘူးလို့လည်း ဆိုလာပါတယ်။ ဂယ်ရီ နဗီးလ်က – “ကျွန်တော်ကတော့ ယူနိုက်တက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တခု ချနိုင်ခဲ့တယ်လို့ပဲ ယုံကြည်ပါတယ်။ ဒီလိုမျိုး ဆုံးဖြတ်ချက်က ပြဿနာတွေ စဖြစ်တဲ့ နေ့ရက်ထဲက ချမှတ်သင့်တဲ့ ဆုံးဖြတ်ချက်မျိုးပါ။ ကျွန်တော် အပါအဝင် ရော့ဘ်ဆန်ရဲ့ ဗွီဒီယိုတွေကို မြင်ခဲ့ရတဲ့ လူတိုင်းက ဂရင်းဝုဒ်ဟာ ဘယ်တော့မှ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်မကစားပေးသင့်ဘူး ဆိုတာကို သိကြပါတယ်။ ယူနိုက်တက်က ဂရင်းဝုဒ်ရဲ့ ကိစ္စကို သေချာ ကိုင်တွယ်ခဲ့ပေမယ့် သူတို့ရဲ့ စီမံမှုတွေက အတော်လေး ဆိုးရွားပါတယ်။ ဒီလိုမျိုး ခက်ခဲပြီး အရေးကြီးတဲ့ အခြေအနေ တခုကို ရင်ဆိုင်နေရချိန်မှာ ယူနိုက်တက်ရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေက ဦးဆောင်မှုအပြည့်နဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာ အဲ့ဒီလို ခေါင်းဆောင်မျိုးတွေ မရှိပါဘူး။ ပြီးတော့ အိမ်တွင်း အကြမ်းဖက်မှုနဲ့ မိန်းကလေးတွေ အပေါ် အကြမ်းဖက်မှုတွေက ဘယ်လိုမှ မျက်ကွယ်မပြုသင့်တဲ့ ကိစ္စရပ်တွေပါ။ အဲ့ဒီကိစ္စတွေကြောင့်ပဲ ဒီကိစ္စမှာ ကျွန်တော့်ရဲ့ အမြင်က ကွဲပြားနေခဲ့တာပါ (ဂရင်းဝုဒ်ကို ဆန့်ကျင်တဲ့ အမြင်)” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။