မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူ ဂယ်ရီ နဗီးလ်က မန်ချက်စတာ ဒါဘီပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ သူဟာ အသင်းအပေါ် ဒေါသထွက်ခြင်း ဒါမှမဟုတ် စိတ်ပျက်ခြင်းထက် “ဘာမှမခံစားရတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း ဝန်ခံလိုက်ပြီး နည်းပြ ရူဘင် အာမိုရင်အပေါ်မှာတော့ ဖိအားတွေ စတင်သက်ရောက်နေပြီဖြစ်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။

လာမယ့် စနေနေ့မှာကစားမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ နောက်ထပ်ရှုံးပွဲတစ်ပွဲ ကြုံတွေ့ခဲ့ပါက နည်းပြအတွက် မေးခွန်းထုတ်စရာကြီးတွေ ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။ မန်ချက်စတာ ဒါဘီရှုံးပွဲကြောင့် ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အောက်ပိုင်းမှာ ဆက်လက်ရပ်တည်နေပြီး ပြီးခဲ့တဲ့ရာသီက အဆင့် (၁၅)နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အခြေအနေကနေ တိုးတက်လာမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။

Photo Credit : Manchester World

ရာသီအဖွင့်ပွဲ (၄)ကစားပြီးချိန်မှာ ရမှတ် (၄)မှတ်သာ ရရှိထားခြင်းက အသင်းသမိုင်းတစ်လျှောက် နှစ်ပေါင်း (၃၃)နှစ်အတွင်း အဆိုးရွားဆုံး ပရီးမီးယားလိဂ် ရာသီအဖွင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အာမိုရင်ရဲ့အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲကနေလည်း လိဂ်တူးကလပ် ဂရင်းမ်စဘီကို ပင်နယ်တီနဲ့ အရှက်တကွဲရှုံးနိမ့်ပြီး ထွက်ခဲ့ရပြီးဖြစ်ပါတယ်။

နဗီးလ်က မန်စီးတီးနဲ့ပွဲက ရှုံးပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်နဲ့ ပတ်သက်ပြီး “ကျွန်တော်ထင်တယ်၊ နည်းပြအပေါ်နဲ့ သူ့ရဲ့ကစားကွက် တစ်ခုတည်းကိုပဲ တင်းတင်းကျပ်ကျပ် သုံးစွဲနေမှုအပေါ် ဖိအားအချို့ သက်ရောက်လာပါလိမ့်မယ်။ စီးတီးက သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ သက်သောင့်သက်သာ အနိုင်ယူသွားခဲ့တယ်။ ယူနိုက်တက်မှာ ပွဲချိန်အတွင်း အခိုက်အတန့်ကောင်းတချို့တော့ ရှိခဲ့ပါတယ်။ ပထမပိုင်း (၁၅)မိနစ်နဲ့ ဒုတိယပိုင်းအစ (၅)မိနစ်လောက်ပေါ့။ ဒါပေမဲ့ အဆုံးအဖြတ် အခိုက်အတန့်တွေမှာ စီးတီးမှာ ပိုကောင်းတဲ့ကစားသမားတွေ ရှိနေခဲ့တယ်။ ဖိုဒန်၊ ဒိုကူ၊ ဟာလန်းတို့က ထူးထူးခြားခြား ခြေစွမ်းပြသွားခဲ့တယ်။”

Photo Credit : Sky Sports

“အရင်တုန်းက ယူနိုက်တက် ဒီလိုပွဲမျိုးရှုံးတာကို မြင်ရတဲ့အခါ ကျွန်တော် ဒေါသထွက်ပြီး စိတ်ပျက်မိတဲ့ အချိန်တွေရှိခဲ့ဖူးတယ်။ အခုတော့ ကျွန်တော် ဘာမှမခံစားရတော့ဘူး။ အဲ့ဒါက ပိုတောင်ဆိုးသေးတယ်။ ဒါက ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ ခြေစွမ်းတစ်ခုပဲ။ ယူနိုက်တက်က ရိုးရိုးလေး အရှုံးပေးလိုက်ရတာပါပဲ။” လို့ ဆိုလိုက်ပါတယ်။

နဗီးလ်က “လာမယ့်တစ်ပတ် ချယ်လ်ဆီးနဲ့ပွဲမှာ နောက်ထပ်တစ်ပွဲ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ မေးခွန်းထုတ်စရာကြီးတွေ စတင်ထွက်ပေါ်လာတော့မှာပါ။” လို့ နိဂုံးချုပ် သတိပေးသွားခဲ့ပါတယ်။