မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က လီဗာပူးလ်နည်းပြ အာနေး ဆလော့ရဲ့ ပွဲဦးထွက်ရာသီ စွမ်းဆောင်ရည်ကို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် မြင်တွေ့ခဲ့ဖူးသမျှ အကောင်းဆုံး နည်းပြစွမ်းဆောင်မှုတွေထဲက တစ်ခုအဖြစ် ချီးကျူးပြောဆိုလိုက်ပါတယ်။ နယ်သာလန်လူမျိုး နည်းပြ ဆလော့ဟာ သူ့ရဲ့ ပထမဆုံးရာသီမှာပဲ လီဗာပူးလ်ကို ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူပေးနိုင်လုနီးပါး ဖြစ်နေပါပြီ။
ရာသီအစတုန်းက လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ တတိယ ရေပန်းအစားဆုံးအသင်းအဖြစ်သာ သတ်မှတ်ခံခဲ့ရပြီး မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့က ထိပ်ဆုံးနှစ်သင်းအဖြစ် ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဟာ မယုံနိုင်လောက်အောင် (၂၆)ပွဲဆက် ရှုံးပွဲမရှိ စံချိန်တင်ခဲ့ပြီး ရာသီတစ်လျှောက်လုံးမှာ (၂)ပွဲသာ ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ တစ်မှတ်သာ လိုအပ်တော့တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ လာမယ့် တနင်္ဂနွေနေ့ စပါးအသင်းနဲ့ သရေကျရုံဖြင့် ဒုတိယမြောက် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
Photo Credit : Goal
ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတွေထဲက တစ်သင်းမှာ ဆလော့အနေနဲ့ လျင်မြန်စွာ အသားကျခဲ့မှုအပြင် ယာဂန် ကလော့ပ်ခေတ်ရဲ့ အရိပ်အောက်ကနေ အခုလို လွယ်ကူချောမွေ့စွာ အပြောင်းအလဲ လုပ်နိုင်ခဲ့တဲ့ သူ့ရဲ့ အရည်အချင်းကို နဗီးလ်က အထူးတလည် ချီးကျူးခဲ့ပါတယ်။ “သူ တကယ်ပဲ အကောင်းဆုံး စွမ်းဆောင်ပြခဲ့တယ်လို့ ကျွန်တော် ထင်တယ်” လို့ နဗီးလ်က သူ့ရဲ့ Podcast အစီအစဉ်မှာ ပြောခဲ့ပါတယ်။ “ရာသီအစတုန်းက သမိုင်းကို ပြန်ပြင်ရေးလို့တော့ မရပါဘူး။ ဒါပေမယ့် လီဗာပူးလ် ပရိသတ်အများစုတောင် သူတို့အသင်း ဒီနှစ် ဖလားရလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။ တခြားသူတွေ ဆိုရင်တော့ ပြောစရာတောင် မလိုပါဘူး။”
“ဘယ် ဘောလုံး သုံးသပ်သူ ပညာရှင် ဂျာနယ်လစ် ဒါမှမဟုတ် ပရိသတ်ကမှ လီဗာပူးလ် ဖလားရမယ်လို့ ပြောခဲ့တာ ကျွန်တော် မမှတ်မိပါဘူး။ အားလုံးက မန်စီးတီး ဒါမှမဟုတ် အာဆင်နယ်လို့ပဲ ပြောခဲ့ကြတာ။ အခု သူတို့ လုပ်ပြနိုင်ခဲ့တာက အရမ်းကို ထူးခြားပါတယ်။ ရာသီတစ်ခုလုံးမှာ အာနေး ဆလော့ရဲ့ နည်းပြစွမ်းဆောင်ရည်က ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးသမျှ အကောင်းဆုံးတွေထဲက တစ်ခုပါပဲ။”
Photo Credit : TEAMtalk
“သူ ဘယ်လိုလူဆီကနေ တာဝန်လွှဲယူခဲ့ရသလဲ ဆိုတာကို ထည့်တွက်ပြီး ကျွန်တော် ဒီလိုပြောတာပါ။ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ မြင်ခဲ့ဖူးသမျှ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ရေး လွှမ်းမိုးမှုနဲ့ စရိုက်လက္ခဏာရှိတဲ့သူ လီဗာပူးလ်ရဲ့ ဂန္တဝင် ကစားသမားနဲ့ အမှတ်သင်္ကေတ ဖြစ်တဲ့သူ ကလော့ပ်ဆီကနေပေါ့။ အဲ့ဒီလို အဝတ်လဲခန်းထဲကို ဝင်ပြီး ထိန်းချုပ်မှုနဲ့ သြဇာအာဏာကို တည်ဆောက်ရတယ်။ ဒါပေမယ့် သူက ယာဂန် ကလော့ပ်လို ပုံစံမျိုးနဲ့ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း သိထားရတယ်။”
“ဘယ်သူမှ ကလော့ပ်လို ပုဂ္ဂိုလ်ရေး လွှမ်းမိုးမှုနဲ့ စရိုက်လက္ခဏာမျိုး ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ရာသီတစ်လျှောက်လုံး စာချုပ်ကိစ္စ ပြောဆိုမှုတွေကို သူ ကိုင်တွယ် ဖြေရှင်းခဲ့ပုံ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ အရေးအကြီးဆုံး ကစားသမားနှစ်ယောက်လို့ ကျွန်တော်ထင်တဲ့ ဗန်ဒိုက်နဲ့ ဆာလားတို့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပုံတွေက ကောင်းမွန်ပါတယ်။ သူ လိုချင်သလောက် အဆင်မပြေတဲ့ အချိန်တွေမှာတောင် တည်ငြိမ်အေးဆေးစွာ ရှိနေခဲ့ပုံကလည်း ချီးကျူးစရာပါပဲ။” လို့ နဗီးလ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။