ဒီနှစ် ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် (၁၀)ပွဲ ကစားထားပြီးချိန်မှာ ရှုံးပွဲ လုံးဝမရှိသေးပဲ ရမှတ် (၂၆)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ စပါးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့် အသင်းလို့ မမြင်မိသေးကြောင်း ဂယ်ရီနဗီးလ်က မှတ်ချက်ပြုလိုက်ပါတယ်။

စပါးအသင်းဟာ ဒီနှစ်နွေမှာ ဟယ်ရီကိန်းလို ကစားသမားကောင်းတစ်ဦးကို လက်လွတ်ထားရပေမယ့်လည်း အသင်းက ခြေစွမ်းပိုင်း စွမ်းဆောင်မှုပိုင်း မကျဆင်းသွားပဲ နည်းပြသစ် ပိုစတီကိုဂလူ လက်ထက် စပါးရဲ့ စွမ်းဆောင်ရည်တွေက မထင်ထားလောက်အောင် တိုးတက်လာခဲ့ရပါတယ်။

Photo Credit : Twitter X

ဒီရာသီမှာ စပါးက လီဗာပူးလ် မန်ယူနိုက်တက်တို့လို အသင်းတွေကို အနိုင်ယူထားခဲ့သလို မြောက်လန်ဒန်ဒါဘီမှာလည်း အာဆင်နယ်ကို သရေရအောင် ကစားထားနိုင်ခဲ့ပါတယ်။ အခုလည်း ပရီးမီးယားလိဂ် (၁၀)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ပြီး မန်စီးတီး အာဆင်နယ်တို့ထက် တစ်ပွဲပို ကစားထားကာ (၅)မှတ်အသာရနေပါတယ်။

ဒါပေမယ့် နဗီးလ်ကတော့ စပါးအသင်းနဲ့ ပတ်သက်ပြီး “ကျွန်တော်ကတော့ သူတို့ကို ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်သူတွေလို့ မထင်မိပါဘူး။ ကျွန်တော် ရိုးရိုးသားသားပဲ မထင်မိတာ။ လာမယ့် လအနည်းငယ်အတွင်းမှာဆိုရင် တချို့ကလပ်အသင်းတွေက ပရီးမီးယားလိဂ်ကို ပိုမို အာရုံစိုက်နိုင်ဖို့ အချိန်ရလာမယ်။”

Photo Credit : Youtube

“တကယ်လို့ မန်စီးတီးတို့ အာဆင်နယ်တို့က လိုအပ်မှုတွေ ရှိနေလို့ သူတို့အသင်းတွေအနေနဲ့ ဇန်နဝါရီလထဲမှာ ကစားသမား ဖြည့်တင်းမှုတွေ လုပ်ဆောင်လာဖို့ ရှိနိုင်ပြီး အသင်းကို ပြိုင်ဆိုင်မှု ပိုကောင်းလာအောင် မြှင့်တင်လာနိုင်ပါတယ်။”

“စပါးအသင်းမှာတော့ လိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက် လုံလောက်တဲ့ အစုအဖွဲ့မျိုး ရှိနေတယ်လို့ ကျွန်တော် မထင်မိပါဘူး။ အခု သူတို့က မျှော်လင့်ထားတာထက် ကျော်လွန်အောင် စွမ်းဆောင်နိုင်ပေမယ့် သူတို့ကိုတော့ title challenger လို့ မမြင်မိပါဘူး။” လို့ မှတ်ချက်ပြုလိုက်ပါတယ်။