ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ အောင်မြင်တဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လီဗာပူးကို စွန့်ခွာတော့မယ့် နည်းပြချုပ် ယာဂင် ကလော့ပ်ကို သူ့ရဲ့ ဆရာဟောင်း ဆာအဲလက်စ် ဖာဂူဆန်နဲ့ ဆင်တဲ့ နည်းပြလို့ ခိုင်းနှိုင်းကာ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၅၆နှစ် အရွယ် ဂျာမဏီလူမျိုး ထိပ်သီးနည်းပြ ယာဂင် ကလော့ပ်က ၂၀၁၅ခုနှစ်မှ စတင်ကာ လီဗာပူးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ၉နှစ်တာ ကာလအတွင်းမှာ လီဗာပူးအတွက် နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလား အပြင် ဆုဖလားပေါင်းစုံ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ကလော့ပ်ရဲ့ ၉နှစ်တာ နည်းပြသက်တမ်း အတွင်းမှာ လီဗာပူးက မန်ချက်စတာ စီးတီးနဲ့ အပြိုင် ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် ရပ်တည်နေပြီး လီဗာပူးက ၉နှစ်အတွင်းမှာ ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဥရောပစူပါဖလား ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကားလင်းဖလား ၂ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ် စုစုပေါင်း ဆုဖလား ၈လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

ကလော့ပ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နာမည်သာ ကျန်တော့တဲ့ လီဗာပူးကို ဥရောပ စစ်မြေပြင်နဲ့ အင်္ဂလန်မြေမှာ အောင်မြင်မှုတွေ အလီလီ ပြန်ရအောင် အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ကလော့ပ်ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ၂၀၁၈-၂၀၁၉ ၊ ၂၀၁၉-၂၀၂၀ စတဲ့ ၂ရာသီဆက်တိုက် ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ခံစစ်မှူး ဂယ်ရီနဗီးလ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၁-၁ မန်ချက်စတာ စီးတီး ပွဲအပြီးမှာ လီဗာပူးနည်းပြချုပ် ယာဂင် ကလော့ပ်နဲ့ စီးတီးနည်းပြချုပ် ပပ် ဂွာဒီယိုလာတို့ရဲ့ အရည်အသွေးကောင်းတွေကို နှိုင်းယှဉ် ပြသွားခဲ့သလို ကလော့ပ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို ပြာပုံဘဝ ကနေ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်လာအောင် ပြန်လည် တည်ဆောက်ပေးခဲ့တဲ့ သူ့ရဲ့ ဆရာဟောင်း ဆာအဲလက်စ် ဖာဂူဆန်နဲ့ တူကြောင်း ပြောကာ ကလော့ပ်ကို အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က – “ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ နှစ်ယောက်စလုံးက ထိပ်တန်းနည်းပြတွေပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ဂွာဒီယိုလာထက် ကလော့ပ်ကို ပိုသဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလော့ပ်က ဂွာဒီယိုလာလောက် ထောက်ပံ့မှုတွေ မရခဲ့ပေမယ့် တူညီတဲ့ အောင်မြင်မှုတွေ ရယူပြထားလို့ပါ။ ကလော့ပ်ရဲ့ ကစားကွက်နဲ့ အသင်းကို ကိုင်တွယ် ထိန်းကျောင်းပုံက ကျွန်တော့်အကြိုက် ဖြစ်နေလို့လည်း ပါပါတယ်။ ဂွာဒီယိုလာကတော့ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ စီးတီးတို့မှာ သူမတူတဲ့ ကစားကွက် အခင်းအကျင်းတွေကို ချပြနိုင်ခဲ့သူပါ။ ဒါပေမယ့် ကလော့ပ်က ဂွာဒီယိုလာထက် ပိုပြီး စိတ်သဘောထား ကောင်းပါတယ်။ သူက အသင်းရဲ့ ကစားသမားတွေနဲ့တင် ဆက်ဆံတာ မဟုတ်ပဲ အသင်းရဲ့ ဝန်ထမ်းတွေ ၊ အသင်းရဲ့ ပရိသတ်တွေနဲ့ အသင်း အခြေစိုက်ထားတဲ့ မြို့မှာ ရှိတဲ့ လူတိုင်းနဲ့ပါ ဆက်ဆံရေးကောင်း တခုကို တည်ဆောက်ထားနိုင်ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီလို အသင်းနဲ့ ပတ်သတ် ဆက်နွယ်နေတဲ့ လူတိုင်းနဲ့ ဆက်ဆံရေးကောင်း တခုကို တည်ဆောက်နိုင်ခြင်းဟာ ထိပ်တန်းနည်းပြတွေမှာ ရှိရမယ့် အရည်အချင်းလို့ ယုံကြည်ထားပါတယ်။ အဲ့ဒီအရည်အချင်းက ကစားကွက် ကောင်းဖို့ထက် ပိုအရေးကြီးတယ်။ နိုင်ပွဲတွေ ရယူဖို့ထက် ပိုအရေးပါတယ်။ အဲ့ဒီအရည်အချင်းက အသင်းနဲ့ ပတ်သတ်သမျှ လူတိုင်းကို မြှင့်တင်ပေးနိုင်တဲ့ အရည်အချင်းပါ။ ကလော့ပ်က လီဗာပူးနဲ့ သက်ဆိုင်တဲ့ လူတိုင်းကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဆာအဲလက်စ် ဖာဂူဆန်မှာလည်း အဲ့ဒီလို အရည်အသွေး ရှိပါတယ်။ ဆာအဲလက်စ်က ယူနိုက်တက်ရဲ့ ပရိသတ်တွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးကောင်း တခုကို တည်ဆောက်နိုင်ခဲ့သူပါ။ ဒါကြောင့် ကလော့ပ်က လီဗာပူးကနေ ထွက်ခွာသွားခဲ့ရင် ဒါက လီဗာပူးအတွက် သာမကပဲ ပရီးမီးယားလိဂ် အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှု တခု ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ကလော့ပ်ကို ချီးကျူးသွားခဲ့တာပါ။