မန်ချက်စတာယူနိုက်တက်ဒ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဂယ်ရီနဖီးလ်ကတော့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာနိုင်လိမ့်မယ်လို့ မထင်မိသေးကြောင်း ထပ်မံ ပြောဆိုလာခဲ့ပြန်ပါတယ်။

Photo Credit : Sky Sports

 

ဗြိတိန်ရဲ့ နာမည်ကျော် အားကစားရုပ်သံကြီး Sky Sports မှာ pundit အဖြစ် တာဝန်ယူနေတဲ့ နောက်ခံကစားသမားဟောင်းကြီး နဖီးလ်ဟာ အာဆင်နယ်အသင်းက ဒီရာသီမှာ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသထားရင်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အလားအလာ အကောင်းဆုံး ဖြစ်နေချိန်မှာတောင် အာဆင်နယ်ကို ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်ဘူးလို့သာ ထပ်တလဲလဲ ပြောဆိုလာခဲ့ပါတယ်။ အာဆင်နယ်နဲ့ ယူနိုက်တက်ဒ်တို့ ပွဲစဉ်မတိုင်ခင် လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်ကလည်း အာဆင်နယ်က ဒီရာသီမှာ အဆင့်(၃)နဲ့သာ ရပ်တည်နိုင်မှာဖြစ်ပြီး ယူနိုက်တက်ဒ်က အဆင့်(၂)ပါ ရရှိလိမ့်မယ်လို့ သုံးသပ်ခဲ့တဲ့အတွက် အာဆင်နယ် ပရိသတ် ပီယာ့စ်မော်ဂန်နဲ့ပါ အလောင်းအစားတစ်ခု ဖြစ်သွားခဲ့ရပါတယ်။

Gary Neville has boldly predicted Arsenal to finish outside the top two of the Premier League

Photo Credit : SPORTbible

အခုလည်း အာဆင်နယ်က ယူနိုက်တက်ဒ်ကို အိုးထရက်ဖို့ဒ်က ရှုံးကြွေးပြန်ဆပ်ပြီး (၁၉)ပွဲကစား ရမှတ်(၅၀)နဲ့ အမှတ်ပေးဇယားထိပ်မှာ မားမားမတ်မတ် ရပ်တည်ထားနေပေမယ့်လည်း နဖီးလ်ကတော့ အာဆင်နယ်ထက် မန်စီးတီးသာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာလိမ့်မယ်ဆိုပြီး ထပ်လောင်း ပြောလာခဲ့ပြန်ပါတယ်။ “အာဆင်နယ်ကို အမှတ်ပေးလိဂ်ဖလား ဆွတ်ခူးမယ်လို့ မမြင်မိပါဘူး။ စီးတီးကသာ လိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်က ဒီရာသီမှာ (၁)ပွဲ (၂)ပွဲလောက် ရှုံးပါလိမ့်မယ်။ အဲ့ဒီအခါကျရင် စီးတီးက သူတို့ကို ဖိအားတွေ ပိုပေးလာနိုင်မယ်။ သူတို့အတွက်လည်း အလွန်ခက်ခဲတဲ့ အခိုက်အတန့်မျိုး ဖြစ်လာလိမ့်မယ်။ စီးတီးတို့ အမှတ်ပေးချန်ပီယံ ဖြစ်မယ်ဆိုတာ ကျွန်တော့်အတွက် အပျက်သဘောဆောင်တဲ့ ကိစ္စ မဟုတ်ပေမယ့် စီးတီးက သူတို့ကို ဖိအားပေးနေလိမ့်မယ်ဆိုတာတော့ သေချာပါတယ်။ အခုကတော့ အာတီတာအတွက် တကယ့်ကို မယုံကြည်နိုင်စရာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီ နှောင်းပိုင်းမှာတော့ သူ့ကို ကျွန်တော် စိတ်ပူမိခဲ့တယ်။ အဲ့ဒါက သူ့အတွက် ခက်ခဲနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဆိုပြီး ပြောဆိုသွားခဲ့ပြန်ပါတယ်။