ပေါ်တူဂီ လက်ရွေးစင် အသင်းဖော် ဘရူနို ဖာနန်ဒက်စ်ကို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းမှာ လာရောက်ကစားဖို့ ရူဘင် နေးဗက်စ်က တိုက်တွန်းလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟာ အဆိုပါ ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကို စဉ်းစားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဖာနန်ဒက်စ်ဟာ ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီး အယ်လ်ဟီလာအသင်းက သူ့ကို (၃)နှစ်စာချုပ်အတွက် ပေါင်သန်း(၂၀၀)အထိ ပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက် အသင်းခေါင်းဆောင်ဟာ တစ်ပတ်လုပ်ခ ပေါင်(၇)သိန်း ရရှိမယ့် ဒီကမ်းလှမ်းမှုကို လက်ခံမလား မခံဘူးလား ဆုံးဖြတ်နေဆဲဖြစ်ပြီး ပေါ်တူဂီ အသင်းဖော် နေးဗက်စ်ကတော့ သူ့အနေနဲ့ ဒီအပြောင်းအရွှေ့ကို ပြုလုပ်စေချင်နေပါတယ်။
Photo Credit : A Bola
ပေါ်တူဂီနဲ့ အယ်လ်ဟီလာ ကွင်းလယ်ကစားသမား နေးဗက်စ်က A Bola သတင်းဌာနကို ပြောကြားရာမှာ “ကျွန်တော်ကတော့ လက်ရွေးစင်အသင်းက ကစားသမားတိုင်းကို ဒီကိုလာဖို့ တိုက်တွန်းချင်ပါတယ်။ ပေါ်တူဂီနိုင်ငံဟာ အရည်အချင်းရှိတဲ့ ကစားသမားကောင်းတွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း မွေးထုတ်နေဆဲပါ။”
“ဒီအပိုင်းမှာတော့ ကျွန်တော်တို့က ကံကောင်းတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ကျွန်တော်တို့က အရမ်းလည်း အလုပ်ကြိုးစားကြပါတယ်။ နိုင်ငံသေးသေးလေးပေမယ့် ထူးချွန်တဲ့ ကစားသမားတွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ်။ ကျွန်တော့်အသင်းမှာ လက်ရွေးစင်အသင်းက ဘယ်ကစားသမားကိုမဆို ရှိစေချင်ပါတယ်” လို့ ဆိုပါတယ်။
Photo Credit : The Sun
Mail Sport သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဖာနန်ဒက်စ်ဟာ ဒီတစ်ပတ်အတွင်း ရီယာ့ဒ်မြို့မှာ အယ်လ်ဟီလာ တာဝန်ရှိသူတွေနဲ့ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အကောင်းမြင်တဲ့ တွေ့ဆုံမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သူကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်း ယူရိုပါလိဂ် ဗိုလ်လုပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဘက်က ငွေကြေး လိုအပ်လို့ သူ့ကို ရောင်းထုတ်မယ်ဆိုရင် ထွက်ခွာသွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
အယ်လ်ဟီလာအသင်းဟာ ဒီလနှောင်းပိုင်းမှာ ယှဉ်ပြိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတာကြောင့် ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်လိုနေပါတယ်။ ဒါ့အပြင် အင်တာမီလန်နည်းပြ ဆီမွန်နီ အင်ဇာဂီကိုလည်း အဆိုပါ ပြိုင်ပွဲမတိုင်မီ အသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူလာဖို့ ဆွဲဆောင်စည်းရုံးနေတယ်လို့လည်း သိရပါတယ်။