ဆော်ဒီထိပ်သီးကလပ် အယ် ဟီလယ်ရဲ့ အဓိက ကွင်းလယ်လူ ရူဘင် နီဗက်စ်က သူဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဥရောပ ထိပ်သီးအသင်း သုံးသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီး အဆိုပါ ၃သင်းအနက် ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ်လည်း ပါဝင်ခဲ့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဗဟိုကွင်းလယ်လူ ရူဘင် နီဗက်စ်က ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ နွေဈေးကွက် ပိတ်ခါနီးမှာ ဝုလ်ဗ် ကနေ အယ် ဟီလယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းနဲ့ ပြောင်းရွှေ့ခဲ့ကာ အယ် ဟီလယ်က သူ့ကို ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Football London

ရူဘင် နီဗက်စ်က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်း ကွင်းလယ်လူ အဖြစ် ကာလရှည် ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ဝုလ်ဗ် ကနေ အရှေ့အလယ်ပိုင်းဒေသ ထိပ်သီးကလပ် အယ် ဟီလယ်ဆီ ပြောင်းရွှေ့ခဲ့ချိန်မှာ ဝေဖန်မှု တချို့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ရူဘင် နီဗက်စ်ကတော့ ဝေဖန်မှုတွေကို အာရုံမစိုက်ပဲ အယ် ဟီလယ်နဲ့အတူ ရလဒ်ကောင်းတွေ ရယူဖို့ပဲ ကြိုးစားခဲ့ပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ရူဘင် နီဗက်စ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို ဖောက်သည်ချလာခဲ့ပြီး နီဗက်စ်က သူဟာ အယ် ဟီလယ်ဆီ မပြောင်းခင်မှာ ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ် ၊ ဘာစီလိုနာတို့ဆီ ပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် အကြောင်းအရင်း တချို့ကြောင့် အဲ့ဒီအသင်းတွေဆီ မပြောင်းဖြစ်ခဲ့ပဲ အယ် ဟီလယ်ဆီ ပြောင်းခဲ့တာလို့ ဆိုပါတယ်။

Photo Credit: Team Talk

နီဗက်စ်က – “ပြီးခဲ့တဲ့ နွေရာသီမှာ ကျွန်တော်က ဥရောပ ထိပ်သီးအသင်း ၃သင်းဆီ ပြောင်းဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့တွေက မဖြစ်မြောက်ခဲ့ပါဘူး။ ကျွန်တော်က ဘာစီလိုနာနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ဘာစီလိုနာဆီ ပြောင်းဖို့လည်း အတော်လေး နီးစပ်ခဲ့ပါတယ်။ အရိုးသားဆုံး ပြောရရင် အာဆင်နယ်နဲ့လည်း အတူတူပါပဲ။ ကျွန်တော်က အာဆင်နယ်ဆီ ပြောင်းဖို့ တော်တော်လေး နီးစပ်ခဲ့ပြီးမှ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့တာပါ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

ရူဘင် နီဗက်စ်က ယခုနှစ် ဘောလုံးရာသီမှာ အယ် ဟီလယ်အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပြီး သူ့ရဲ့ အယ် ဟီလယ်က ဆော်ဒီလိဂ်မှာ ရှုံးပွဲ မရှိသေးသလို အဆင့်(၁)နေရာကိုလည်း သိမ်းပိုက် ရယူထားနိုင်ပါတယ်။