ပရီးမီးယားလိဂ်ကလပ် ဝုဗ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက ကွင်းလယ်လူလည်း ဖြစ်တဲ့ ရူဘင် နီဗက်က ဆော်ဒီ နာမည်ကြီးကလပ် အယ် ဟီလယ်ဆီ ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီမှု ရရှိသွားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ဆော်ဒီ နာမည်ကြီးကလပ် အယ် ဟီလယ်က ယခု နွေဈေးကွက်အတွင်းမှာ သူတို့ရဲ့ လိဂ်ပြိုင်ဘက်တွေ ဖြစ်တဲ့ အယ် အီတီဟတ် ၊ အယ် နက်ဆာတို့နဲ့ အပြိုင် ဥရောပရဲ့ နာမည်ကြီး ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး အယ် ဟီလယ်က အာဂျင်တီးနားကြယ်ပွင့် မက်ဆီကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။

Photo Credit: Goal

အယ် ဟီလယ်က မက်ဆီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်သလို ဝုဗ်ကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ ရူဘင် နီဗက်ကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးစားခဲ့ပြီး ဒီတကြိမ်မှာတော့ အယ် ဟီလယ်ရဲ့ ကြိုးစားမှုက အောင်မြင်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ ရူဘင် နီဗက်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုကွင်းလယ်လူတွေထဲက တဦး ဖြစ်ပြီး နီဗက်ဟာ ယခု နွေဈေးကွက် အတွင်းမှာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စီစဉ်ထားသူ ဖြစ်ပေမယ့် ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့် နီဗက်ကို မခေါ်ယူနိုင်သေးပဲ အယ် ဟီလယ်က အဆိုပါ အခြေအနေကို အခွင့်ကောင်း ယူကာ နီဗက်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။

Photo Credit: Inside Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ အယ် ဟီလယ်က ဝုဗ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ နီဗက်ကို ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ဝုဗ်က အယ် ဟီလယ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့သလို နီဗက်ကလည်း အယ် ဟီလယ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

အယ် ဟီလယ်က နီဗက်ကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး နီဗက်ဟာ အယ် ဟီလယ်နဲ့ ဆေးစစ်မှုတွေပါ လုပ်ဆောင်ပြီးပြီလို့ ဆော်ဒီအခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားကြပါတယ်။