ဘိုင်ယန်မြူးနစ်က ပီအက်စ်ဂျီကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်ရဲ့ ကြယ်ပွင့်ကစားသမား ဂျမားလ် မူဆီယာလာဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ခြေထောက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့ပြီး ဒီဖြစ်ရပ်အတွက် ပီအက်စ်ဂျီဂိုးသမား ဂျန်လွီဂျီ ဒွန်နာရမ်မာမှာ အဓိက တာဝန်ရှိတယ်လို့ ဘိုင်ယန်အသင်းခေါင်းဆောင် ဂိုးသမား မန်နူရယ် နူအာက ဒေါသတကြီး ပြစ်တင်ပြောဆိုလိုက်ပါတယ်။

ဒီပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် အနိုင်ဂိုးတွေကို ဒီဇိုင်းယား ဒူးယေးနဲ့ အူစမန် ဒမ်ဘီလီတို့က သွင်းယူပေးခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီ နောက်ခံကစားသမားတွေဖြစ်တဲ့ ဝီလီယံ ပါချိုနဲ့ လူးကပ်စ် ဟာနန်ဒက်ဇ်တို့ဟာ ၈၂ မိနစ်နဲ့ ၉၂ မိနစ်တွေမှာ အနီကတ်တွေနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ကိုးယောက်တည်းနဲ့ ပွဲပြီးအောင် ကစားခဲ့ရပါတယ်။

Photo Credit : The Independent

ဒါပေမယ့် ပွဲရဲ့အဓိကပြောစရာအဖြစ်ဆုံး အကြောင်းအရာကတော့ မူဆီယာလာနဲ့ ဂိုးသမား ဒွန်နာရမ်မာတို့ ကြောက်မက်ဖွယ် ထိပ်တိုက်တွေ့ခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ ဂျာမန်တိုက်စစ်ကစားသမား မူဆီယာလာဟာ ဘောလုံးကို လိုက်လုစဉ်မှာ ဂိုးသမားဒွန်နာရမ်မာနဲ့ ထိပ်တိုက်တိုးမိခဲ့ပြီး ခြေသလုံးအောက်ပိုင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရသွားခဲ့ပါတယ်။ Sky Sports Germany ရဲ့ ဖော်ပြချက်အရ မူဆီယာလာရဲ့ ခြေသလုံးနဲ့ ခြေချင်းဝတ်အရိုးတွေ ကျိုးသွားတယ်လို့ ယူဆရပါတယ်။

ဖြစ်ရပ်ရဲ့ ဗီဒီယိုအရုပ်တွေမှာ ဒွန်နာရမ်မာ ဘောလုံးကိုဖမ်းဖို့ ထွက်လာချိန်မှာ မူဆီယာလာရဲ့ ခြေကျင်းဝတ်ဟာ အီတလီဂိုးသမားရဲ့ ခန္ဓာကိုယ်နဲ့ လက်မောင်းတွေကြားမှာ ညပ်ပြီး ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ လိမ်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဒွန်နာရမ်မာဟာ ဒူးထောက်ကျသွားပြီး သူ့ခေါင်းကို လက်နဲ့အုပ်ကိုင်ကာ မျက်ရည်တွေကျခဲ့ပါတယ်။ ဘိုင်ယန်ကစားသမားတွေကတော့ သူတို့ရဲ့အသင်းဖော်ဆီ ချက်ချင်းပြေးသွားပြီး အကူအညီပေးခဲ့ကြပါတယ်။ ဟယ်ရီကိန် အိုလီဆေး ကိုးမန်းနဲ့ ကင်မစ်ချ်တို့လို ကစားသမားတွေဆိုရင် အဖြစ်အပျက်ကို မကြည့်ရက်လို့ မျက်နှာလွှဲသွားခဲ့ကြရပါတယ်။

Photo Credit : The Telegraph

ပွဲအပြီးမှာတော့ ဘိုင်ယန်ဂိုးသမား နူအာက ဒွန်နာရမ်မာအပေါ် ခွင့်လွှတ်တဲ့ပုံ မရှိခဲ့ဘဲ ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့ပါတယ်။ “ဒီလိုအခြေအနေမျိုးမှာ ဒီလိုပုံစံနဲ့ ဝင်စရာမလိုပါဘူး။ ဒါက စွန့်စားလွန်းတဲ့ လုပ်ရပ်ပဲ။ သူက သူ့ပြိုင်ဘက်ကို ဒဏ်ရာရအောင်လုပ်ဖို့ အန္တရာယ်ကို တမင်တကာ လက်ခံလိုက်တာပဲ။” လို့ နူအာက Sky Sports Germany ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒွန်နာရမ်မာဟာ သူ့ကို တိုက်တွန်းလို့သာ မူဆီယာလာဆီ သွားကြည့်ခဲ့တာ ဖြစ်တယ်လို့လည်း နူအာက ထပ်ပြောခဲ့ပါတယ်။ “ကျွန်တော် သူ့ (ဒွန်နာရမ်မာ) ဆီကို သွားပြီး ‘မင်း ငါတို့ကစားသမားကို သွားမကြည့်ချင်ဘူးလား’ လို့ မေးခဲ့ရတယ်။ ဒါက လေးစားမှုနဲ့ သက်ဆိုင်တယ်။ အဲ့ဒီကိုသွားပြီး အားပေးစကားပြောသင့်တယ်။ အဲ့ဒီနောက်မှ သူက သွားလုပ်ခဲ့တယ်။ Fair Play ဆိုတာ အမြဲတမ်း အရေးကြီးပါတယ်။ ကျွန်တော်သာဆိုရင် ဒီလိုမျိုး တုံ့ပြန်မှာ မဟုတ်ဘူး။” လို့ နူအာက ဆိုပါတယ်။