ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ပက်ဒရို နက်တိုက လတ်တလော ကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် မကြာသေးမီက ကြေကွဲဖွယ်ရာ ကွယ်လွန်သွားခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ဒီယိုဂို ဂျိုတာအတွက် အမှတ်တရအဖြစ် ရည်စူးပေးလိုကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း လီဗာပူးလ်ကြယ်ပွင့် ဂျိုတာနဲ့ သူရဲ့ညီအစ်ကိုဖြစ်သူ အန်ဒရေ ဆေးလ်ဗားတို့ဟာ ကားမတော်တဆမှုတစ်ခုမှာ အတူတကွ ကွယ်လွန်သွားခဲ့ခြင်းကြောင့် ဘောလုံးလောကတစ်ခုလုံး ထိတ်လန့်တုန်လှုပ် ဝမ်းနည်းခဲ့ရပါတယ်။ နက်တိုနဲ့ ဂျိုတာတို့ဟာ ဝုလ်ဗ်အသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့မှာ အတူတကွ ကစားခဲ့ဖူးတဲ့ အသင်းဖော်များဖြစ်ကြပြီး ပြီးခဲ့တဲ့ ဇွန်လက Nations League ဖလားကို ဆွတ်ခူးခဲ့တဲ့ ပေါ်တူဂီအသင်းမှာလည်း အတူတကွ ပါဝင်ခဲ့ကြပါတယ်။

Photo Credit : The Empire of the Kop

လက်ရှိမှာ နက်တိုဟာ ချယ်လ်ဆီးအသင်းကို အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ဆီ ရောက်ရှိအောင် စွမ်းဆောင်ပေးထားပြီး နယူးယောက်မြို့မှာ ဘရာဇီးလ်ကလပ် ဖလူမီနန်ဆီကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီးမှာ သူရဲ့ခံစားချက်များကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ် နက်တိုက သတင်းထောက်များကို “တကယ်တော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကျွန်တော့်အတွက် အရမ်းကို ခက်ခဲလွန်းပါတယ်။ ဒီဗိုလ်လုပွဲဟာ သူနဲ့ သူ့ညီလေးအတွက် ဖြစ်တယ်ဆိုတဲ့ သတင်းစကားလေးတစ်ခုပဲ ကျွန်တော်ထားခဲ့ချင်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အရမ်းကို ခက်ခဲတဲ့အချိန်ပါ။ ဒီအကြောင်းကို စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် မလွယ်ပါဘူး။”

Photo Credit : Sky Sports

“သူ့အတွက် ဒီဖလားကို ကျွန်တော် ယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီဗိုလ်လုပွဲကို သူနဲ့ သူ့မိသားစုအတွက် ရည်စူးပြီး သူတို့ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ ကျွန်တော်တစ်ယောက်လုံး ရှိနေတယ်ဆိုတာကို ပြသချင်ပါတယ်။” ဟု နက်တိုက ပြောကြားခဲ့ပါတယ်။ နက်တိုနဲ့ ဂျိုတာတို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပေါ်တူဂီအသင်း ပိုလန်ကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ Nations League ပွဲစဉ်မှာ နောက်ဆုံးအကြိမ်အဖြစ် အတူတကွ တွဲဖက် ကစားခဲ့ကြခြင်း ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမည့် တနင်္ဂနွေနေ့ညနေပိုင်းမှာ နယူးဂျာစီမြို့ရှိ MetLife အားကစားကွင်းမှာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် ရီးယဲလ် မက်ဒရစ် ဒါမဟုတ် ပီအက်စ်ဂျီ အသင်းတစ်သင်းသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ နက်တိုတစ်ယောက် သူရဲ့ဆန္ဒအတိုင်း သူငယ်ချင်းဖြစ်သူ ဂျိုတာအတွက် ကလပ်ကမ္ဘာ့ချန်ပီယံဆုတံဆိပ်ကို လည်ပင်းမှာဆွဲကာ အောင်ပွဲခံနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။