ချယ်လ်ဆီးတောင်ပံကစားသမား ပက်ဒရို နက်တိုက ပွဲအရေအတွက်များပြားလာတဲ့ ဖိအားတွေရှိနေပေမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရတဲ့အတွက် ကစားသမားတွေအနေနဲ့ ကျေးဇူးတင်ရမယ်လို့ ပြောကြားလိုက်ပြီး နွေရာသီ အားလပ်ရက်ယူတာထက် ဘောလုံးကစားရတာကို ပိုနှစ်သက်ကြောင်း ဝန်ခံပြောဆိုလိုက်ပါတယ်။

နက်တိုဟာ အမေရိကန်မှာကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ခြေစွမ်းပြနေပြီး LAFC ဖလာမင်ဂိုတို့နဲ့ ကစားခဲ့တဲ့ နှစ်ပွဲစလုံးမှာ ဂိုးသွင်းယူထားကာ ဒီပြိုင်ပွဲမှာကစားရတာကို ပျော်ရွှင်မိကြောင်း ဝန်ခံခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကစားသမားက သူ့ရဲ့အသင်းသားတွေအနေနဲ့ ဒီပြိုင်ပွဲမှာကစားခွင့်ရတာကို ပိုပြီးတန်ဖိုးထားသင့်ကြောင်းနဲ့ တခြားကလပ်အသင်းတွေက ဒီနေရာမှာ ရှိနေဖို့ ဆန္ဒရှိကြမှာဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

Photo Credit : Chelsea FC

သူ့ရဲ့ဒီမှတ်ချက်တွေဟာ ပင်ပန်းကြီးစွာသော ရာသီတစ်ခုလုံးကို ကစားထားပြီးဖြစ်တဲ့ ကစားသမားတွေအပေါ် ပွဲစဉ်ဝန်ထုပ်ဝန်ပိုး ပိုမိုဖိစီးစေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ရာသီပိတ်ရက်မှာ အားလပ်ရက်ယူမလား ဘောလုံးပဲဆက်ကစားမလားဆိုတဲ့ မေးခွန်းကို နက်တိုက ESPN ကနေတဆင့် အခုလို ဖြေကြားခဲ့ပါတယ် “ရာနှုန်းပြည့် သေချာပါတယ်။ ကျွန်တော်တို့ ကျေးဇူးတင်ရပါမယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲကိုကစားဖို့ ဒီနေရာကို ရောက်နေကြတာပါ။ ကျွန်တော့်နေရာနဲ့ တခြားကစားသမားတွေရဲ့နေရာမှာ ရှိနေချင်တဲ့ ကစားသမားတွေ အများကြီးရှိမှာပါ။ ကျွန်တော်တို့ ဒါကို ပျော်ပျော်ရွှင်ရွှင် ကစားသင့်ပါတယ်”

Photo Credit : We Ain’t Got No Histroy

ပိုမိုများပြားလာတဲ့ ဘောလုံးပြက္ခဒိန်ကြောင့် ကစားသမားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကစားသမားများစွာနဲ့ ဘောလုံးအဖွဲ့အစည်းတွေက စိုးရိမ်မှုတွေထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။ ဘာလွန်းဒေါဆုရှင် ရိုဒရီ အပါအဝင် ဘောလုံးလောကရဲ့ အဓိကပုဂ္ဂိုလ်တွေက ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိလာနိုင်မှာကို စိုးရိမ်တဲ့အတွက် သပိတ်မှောက် အစီအစဉ်တွေအထိ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေရှိနေပေမယ့် ချယ်လ်ဆီးကစားသမားကတော့ ပွဲပိုကစားရတာကို ကျေနပ်နေပုံပါပဲ။

ချယ်လ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်ကို အင်္ဂါနေ့ညမှာ အက်စ်ပီရန်စ် တူနစ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အဆိုပါပွဲမှာ သရေတစ်မှတ်ရရုံနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိမှာ ရမှတ်သုံးမှတ်နဲ့ ရပ်တည်နေပြီး ပြိုင်ဘက်အသင်းနဲ့ ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်မှာ အသာစီးရရှိထားပါတယ်။ ဖလာမင်ဂိုအသင်းကတော့ ခြောက်မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီး ဖြစ်ပါတယ်။