မကြာသေးမီကပဲ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ကနေ ငွေကြေး ရယူခဲ့မှုကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ လာလီဂါ ဒိုင်အဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဌဟောင်း နီဂရီရာဟာ ငွေကြေး အလွဲသုံးစားလုပ်မှု ၊ လာဘ်စားမှုတို့နဲ့ တရားစွဲခံထားရကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၇၇နှစ် အရွယ် လာလီဂါ ဒိုင်ကော်မတီရဲ့ ဥက္ကဌဟောင်း နီဂရီရာဟာ ၂၀၁၆ခုနှစ် ကနေ ၂၀၁၈ခုနှစ် အတွင်းမှာ ဘာစီလိုနာရဲ့ ဘုတ်အဖွဲ့ဆီ ကနေ စုစုပေါင်း ယူရို ၁.၂သန်း အထိ ယူခဲ့ပြီး ဘာစီလိုနာ ဘုတ်အဖွဲ့က သူတို့ဟာ လာလီဂါပြိုင်ပွဲမှာ ရှိတဲ့ ဒိုင်လူကြီးတွေရဲ့ အရည်အသွေး တိုးတက်လာအောင် လုပ်ဆောင်ဖို့ အတွက် နီဂရီရာဆီ ငွေကြေး လှူဒါန်းခဲ့တာ ဖြစ်ကြောင်း ဖြေရှင်းချက် ပေးထားပါတယ်။

Photo Credit: SPORT

ဘာစီလိုနာက လာလီဂါ ဒိုင်အဖွဲ့ထံ ငွေကြေး လှူဒါန်းခဲ့တာပါလို့ ဖြေရှင်းချက် ပေးထားပေမယ့် သူတို့က ဒိုင်အဖွဲ့ချုပ်ထံ ငွေကြေး လွှဲပေးခဲ့တာမျိုး မရှိပဲ နီဂရီရာ ပိုင်ဆိုင်တဲ့ ကုမ္ပဏီကိုသာ ငွေကြေးတွေ လွှဲပေးခဲ့ပြီး နီဂရီရာကလည်း အဆိုပါ ငွေကြေးတွေကို ဒိုင်အဖွဲ့ချုပ်ထံ ပေးအပ်ခဲ့တာမျိုး မရှိပါဘူး။

ဒါကြောင့်ပဲ နီဂရီရာနဲ့ ဘာစီလိုနာ ဘုတ်အဖွဲ့တို့ ကြားထဲက ငွေကြေးစီးဆင်းမှုကို စစ်ဆေးပြီးနောက် စပိန် ဒိုင်လူကြီး တဦး ဖြစ်တဲ့ ဇာဗီယာ ဖာနန်ဒက်ဇ်က နီဂရီရာကို ငွေကြေး အလွဲသုံးစားလုပ်မှု ၊ လာဘ်စားမှုတို့နဲ့ အမှုဖွင့်ကာ တရားရုံးဆီ တိုင်ကြားထားပြီး လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဘာစီလိုနာမြို့မှာ ရှိတဲ့ တရားရုံး တခုက နီဂရီရာကို စတင် စစ်ဆေးဖို့ ရှိနေပါတယ်။

 

Photo Credit: SPORT

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ၂၀၁၆ခုနှစ် ကနေ ၂၀၁၈ခုနှစ် အတွင်းမှာ နီဂရီရာ ပိုင်ဆိုင်တဲ့ DASNIL 95 SL ကုမ္ပဏီဆီ စုစုပေါင်း ယူရို ၁.၂သန်း လွှဲပေးခဲ့ပြီး ဇာဗီယာ ဖာနန်ဒက်ဇ်က ဘာစီလိုနာရဲ့ လုပ်ရပ်ဟာ ဒိုင်လူကြီးတွေဆီ ကနေ မျက်နှာသာပေးမှုကို ရချင်တာကြောင့် လုပ်တဲ့ လုပ်ရပ်လို့ ရှုမြင်နေတာကြောင့် နီဂရီရာကို တရားရုံးမှာ တရားစွဲခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။