အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီက မကြာသေးမီကမှ နည်းပြဟောင်း ရူဒီ ဂါစီယာရဲ့ နေရာမှာ အစားထိုးထားတဲ့ ယာယီနည်းပြ ဝေါ်တာ မက်ဇာရီကို ထုတ်ပယ်ဖို့ စီစဉ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၆၂နှစ် အရွယ် အီတလီလူမျိုး နည်းပြချုပ် မက်ဇာရီက နာပိုလီကို မကိုင်တွယ်မီမှာ ကက်ဂလီယာရီ ၊ တိုရီနို ၊ ရိုးမား ၊ အင်တာမီလန် ၊ ဆမ်ဒိုရီးယား ၊ ရက်ဂျီနာ ၊ လီဗော်နို စတဲ့ အီတလီကလပ်တွေကို ကိုင်တွယ်ခဲ့တဲ့ ဝါရင့် အီတလီနည်းပြ ဖြစ်ပြီး သူက နိုဝင်ဘာလ ၁၄ရက်နေ့မှာ နာပိုလီဆီ တကျော့ပြန် ပြန်လည် ရောက်ရှိလာတာပါ။

Photo Credit: Live Score

မက်ဇာရီက နာပိုလီကို ပြန်လည် ကိုင်တွယ်ခွင့် ရပြီးနောက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ အထိ တာဝန်ယူ ကိုင်တွယ်ခဲ့ရာ ၆ပွဲသာ အနိုင်ရခဲ့သလို ၃ပွဲ သရေကျကာ ၈ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။

၁၇ပွဲမှာ ၈ပွဲ အထိ ရှုံးခဲ့သလို စီးရီးအေ ပွဲစဉ်(၂၅) အပြီးမှာ အဆင့်(၉)နေရာ အထိ ရောက်နေတာကြောင့် နာပိုလီဘုတ်အဖွဲ့က မက်ဇာရီကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြသစ် တဦးကို ထပ်မံ ခေါ်ယူဖို့ စဉ်းစားနေကြပြီး မက်ဇာရီဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ နာပိုလီ ကနေ ထုတ်ပယ်ခံရနိုင်ချေ ရှိနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နာပိုလီရဲ့ တာဝန်ရှိသူတွေက မက်ဇာရီကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေကြပြီး ယနေ့မှာပဲ အသင်းတွင်း အစည်းအဝေး တခု လုပ်ကာ မက်ဇာရီရဲ့ အနာဂတ် အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့ ရှိနေကာ မက်ဇာရီဟာ ယနေ့ညမှာပဲ နာပိုလီကနေ တရားဝင် ထုတ်ပယ်ခံရနိုင်ကြောင်း သိရှိရပါတယ်။

နာပိုလီက မက်ဇာရီကို ထုတ်ပယ်ပြီးရင် မကြာသေးမီကမှ ရိုးမားကနေ ထုတ်ပယ်ခံထားရတဲ့ ပေါ်တူဂီ ထိပ်သီးနည်းပြ မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေပြီး မော်ရင်ဟိုရဲ့အေးဂျင့် ဂျော့စ်မန်ဒက်နဲ့ နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်တို့ ကြားမှာ ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။