နာပိုလီအသင်းကတော့ ဒီနွေမှာ အသင်းကနေ သေချာပေါက် ထွက်ခွာသွားတော့မယ့် တိုက်စစ်မှူး အိုဆီမန်ကို ရောင်းချဖို့အတွက် သူ့ကို ခေါ်ယူချင်နေတဲ့ ချယ်လ်ဆီးအသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ယူရို (၄၅)သန်းအပြင် တိုက်စစ်မှူး လူကာကူနဲ့ ကွင်းလယ်လူ ကာဆာဒီတို့ကိုပါ အလိုက်ပေး ကမ်းလှမ်းတာမျိုးထိ အလိုရှိနေတယ်လို့ သိရပါတယ်။

နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား အိုဆီမန်ဟာ နာပိုလီရဲ့ အရေးအပါဆုံးသော ကစားသမားတစ်ဦး ဖြစ်ပြီးတော့ ၂၀၂၂-၂၃ ဘောလုံးရာသီက နာပိုလီတို့ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့စဉ်ကလည်း အဓိကကျတဲ့ နေရာကနေ ပါဝင်ပတ်သက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit : The Sun

ဒါပေမယ့် လက်ရှိမှာတော့ အိုဆီမန်က နာပိုလီကနေ ထွက်ခွာချင်နေသလို နာပိုလီကလည်း အိုဆီမန်ကို ရောင်းချပြီး အသင်းရဲ့ နည်းပြသစ် အန်တိုနီယို ကွန်တီ အလိုရှိနေတဲ့ လူကာကူကို ခေါ်ယူသွားချင်နေပါတယ်။ ကနဦးပိုင်းကတော့ အိုဆီမန်ကို ပီအက်စ်ဂျီအသင်းဆီ ရောင်းချဖို့ လုပ်ဆောင်ခဲ့ပေမယ့် နာပိုလီဘက်က တောင်းဆိုမှုတွေ များလွန်းတာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ပါတယ်။

အခုတော့ နာပိုလီဟာ ချယ်လ်ဆီးအသင်းနဲ့အတူ အိုဆီမန် လူကာကူ အပြောင်းအရွှေ့ကို လုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့ပြီး ချယ်လ်ဆီးအနေနဲ့ အိုဆီမန်ကို ခေါ်ယူချင်တယ်ဆိုရင် လူကာကူနဲ့ ကာဆာဒီတို့ကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးရမှာ ဖြစ်သလို ပြောင်းရွှေ့ကြေးကိုလည်း ယူရို (၄၅)သန်းအထိပါ ပေးချေရမယ်လို့ နာပိုလီ ကမ်းလှမ်းထားပါတယ်။

Photo Credit : Youtube

ချယ်လ်ဆီးကလည်း ဒီနွေမှာ ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူထားသည့်တိုင် တိုက်စစ်ပိုင်းအတွက် အိုဆီမန်လို အရည်အသွေးမြင့် တိုက်စစ်မှူးမျိုးကို ထပ်မံ ခေါ်ယူချင်နေပေမယ့် ကစားသမား (၂)ယောက်ရော ပြောင်းရွှေ့ကြေးနဲ့ပါ ကမ်းလှမ်းရမယ့် ကိစ္စကိုတော့ လုပ်ဆောင်သွားပါ့မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

ဒါ့အပြင် ချယ်လ်ဆီးက အသင်းမှာ (၆)လလောက် အငှားနဲ့ လာကစားခဲ့ဖူးတဲ့ ဂျာအို ဖီးလစ်ကိုလည်း အသက်လက်တီကို မက်ဒရစ်ကနေ ပြန်လည် ခေါ်ယူဖို့ လုပ်ဆောင်နေသေးတာကြောင့် အသင်းရဲ့ တိုက်စစ်အတွက် ဂျာအို ဖီးလစ်ပဲ ရောက်လာမလား အိုဆီမန်ပဲ ရောက်လာမလား ဒါမှမဟုတ် နှစ်ယောက်စလုံးပါ ခေါ်ယူလိုက်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။