အီတလီ စီးရီးအေပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ နာပိုလီအသင်းကတော့ တော့တင်ဟမ် ဟော့စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ ရှိနေတဲ့ ဂျီနိုအာ ခံစစ်ကစားသမား ရာဒူ ဒရာဂူဆင်ကို ကြားဖြတ် ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

စပါးအသင်းက ဒီနွေမှာ ခံစစ်ပိုင်းအတွက် ဝုလ်ဖ်ဘတ်က နယ်သာလန် ခံစစ်မှူး ဗန်ဒီဗန်ကို ခေါ်ယူထားခဲ့ပေမယ့်လည်း လက်ရှိမှာ ဗန်ဒီဗန်ရော သူရဲ့ တွဲဖက် ကစားသမား ရိုမဲရိုးပါ ဒဏ်ရာတွေ ရရှိနေတာကြောင့် စပါးအနေနဲ့ ခံစစ်အားဖြည့်မှုတွေ လုပ်ဆောင်ချင်လာခဲ့ပါတယ်။

Photo Credit : Cartilage Free Captain

ကနဦးပိုင်းမှာတော့ စပါးက နိုက်စ်အသင်းရဲ့ ပြင်သစ် ခံစစ်ကစားသမား တိုဒီဘိုကို စတင် ချိန်ရွယ်ခဲ့ပေမယ့်လည်း တိုဒီဘိုကို ခေါ်ယူဖို့က ခဲယဉ်းလာခဲ့တာကြောင့် ဂျီနိုအာအသင်းရဲ့ နောက်ခံလူ ဒရာဂူဆင်ကိုသာ ပစ်မှတ်ထားလာခဲ့ပါတယ်။

အသက် (၂၁)နှစ်သာ ရှိသေးတဲ့ ရိုမေးနီးယား ကစားသမားဟာ ဗဟိုခံစစ်နေရာမှာ အဓိက ကစားတာ ဖြစ်ပေမယ့်လည်း လိုအပ်ရင် ညာခြမ်းရော ဘယ်ခြမ်းခံစစ်ပိုင်းတွေမှာ ကစားတတ်သူ ဖြစ်သလို ဂျီနိုအာအသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်နေပါတယ်။

Photo Credit : The Athletic

ဒီကစားသမားကို အရ ခေါ်ယူဖို့အတွက် စပါးဘက်ကနေ အရှိန်အဟုန်မြင့် ကြိုးပမ်းလျက် ရှိနေပြီး ကစားသမားနဲ့ သဘောတူညီမှု ရရှိထားပေမယ့် စပါးဘက်က ကမ်းလှမ်းထားတဲ့ ပြောင်းရွှေ့ကြေးထက် ဂျီနိုအာက ပိုမို အလိုရှိနေသေးတာကြောင့် အလုံးစုံ သဘောတူညီမှု ရရှိဖို့ ကြန့်ကြာနေရပါတယ်။

ဒီအချိန်မှာ နာပိုလီအသင်းက ဒရာဂူဆင်အတွက် ပြောင်းရွှေ့ကြေးအပြင် ကစားသမားတစ်ဦးပါ အလိုက်ပေး ကမ်းလှမ်းမှုမျိုးနဲ့ ကြားဖြတ် ကမ်းလှမ်းလာဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားဖြစ်သူ ကိုယ်တိုင်ကတော့ ဂျီနိုအာကနေ ထွက်ခွာဖြစ်မယ်ဆိုရင် စပါးအသင်းဆီကိုသာ ပြောင်းရွှေ့သွားချင်နေပါတယ်။