စီးရီးအေကလပ် နာပိုလီအသင်းကတော့ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်နေတဲ့ လက်ချီ ဘယ်နောက်ခံကစားသမားလေး ပက်ထရစ် ဒေါ့ကူးကို ကြားဖြတ် ခေါ်ယူသွားဖို့ စီစဉ်နေပြီး အခြေအနေကောင်းလျက်လည်း ရှိနေတယ်လို့ အီတလီ မီဒီယာတချို့မှာ ဖော်ပြလာခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က အခု ဆောင်းဈေးကွက်အတွင်းမှာ ဘယ်ခြမ်းခံစစ်နေရာအတွက် ကစားသမားသစ်တစ်ဦး ဖြည့်တင်းသွားချင်နေပြီး ပီအက်စ်ဂျီက မန်ဒက်စ်၊ ဘုန်းမောက်က ကာကက်ဇ်တို့အပါအဝင် ဘယ်နောက်ခံလူ များစွာကို ပစ်မှတ်ထားခဲ့သလို ဒေါ့ကူးလည်း ယူနိုက်တက် ခေါ်ယူချင်နေတဲ့ ကစားသမားထဲမှာ ပါဝင်လာခဲ့ပါတယ်။
Photo Credit : Yardbarker
ဒီရက်ပိုင်းအတွင်းမှာပဲ ယူနိုက်တက်နဲ့ ဒေါ့ကူးတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်လာခဲ့ပြီး ဈေးကွက်မပိတ်ခင်မှာ အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ ရှိနေပေမယ့်လည်း အခုတော့ နာပိုလီကပါ ဒေါ့ကူးကို ယူနိုက်တက် လက်ထဲကနေ ကြားဖြတ် ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့ပါတော့တယ်။
နာပိုလီက ဒေါ့ကူးကို လက်ချီကနေ ခေါ်ယူနိုင်မယ်ဆိုရင် ကစားသမားကို အခု ဘောလုံးရာသီရဲ့ လက်ကျန် ရာသီဝက်အတွက် လက်ချီအသင်းထံ ပြန်လည် အငှားချပေးသွားမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းထားခဲ့တာကြောင့် ဒီကမ်းလှမ်းချက်အပေါ် လက်ချီဘက်ကလည်း သဘောကျလျက် ရှိနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ နီးစပ်နေပါတယ်။
Photo Credit : United in Focus
ဒါပေမယ့်လည်း ယူနိုက်တက်က ဒေါ့ကူးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)နဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်ဆီ ရောင်းချသွားဖွယ် ရှိန်ိုင်ပါတယ်။ ကစားသမားဖြစ်သူကတော့ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်လျက် ရှိနေပါတယ်။
နာပိုလီနဲ့ ယူနိုက်တက်အသင်းတို့ကြားမှာလည်း တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာသဘောတူညီမှုမှ မရရှိသေးတဲ့အပြင် ကစားသမားဖြစ်သူကလည်း သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲကမှ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့သွားချင်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။