မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း စကော့တ် မက်ခ် တွမ်မီနေးဟာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ဆက်လက် ပြသနေပြီး တိုရီနိုနဲ့ ပွဲစဉ်ရဲ့ပထမပိုင်း ပွဲကစားချိန်မှာပဲ နာပိုလီအသင်းတွက် နှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ကွင်းလယ်လူ တွမ်မီနေးဟာ ပွဲချိန်(၇)မိနစ်မှာ ဖရန့်ခ် အန်ဂီဆာရဲ့ ဖန်တီးပေးမှုကနေ နာပိုလီအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ပထမပိုင်း မပြီးဆုံးခင် မိနစ်ပိုင်းအလိုမှာ ဒုတိယဂိုးကို ထပ်မံ သွင်းယူခဲ့ပါတယ်။ ဒီ ပထမပိုင်း သွင်းဂိုး(၂)ဂိုးကြောင့် မက်ခ်တိုမီနေးဟာ စီးရီးအေ ကစားသမားဘဝ ပထမဆုံး ရာသီမှာပဲ စီးရီးအေ သွင်းဂိုးအရေအတွက်က (၁၁)ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးအရေအတွက် နှစ်လုံး ပြည့်မြောက်သွားခဲ့ပါတယ်။

Photo Credit : Football Italia

တွမ်မီနေးရဲ့ ဒီသွင်းဂိုးတွေဟာ ၂၀၂၄-၂၅ စီးရီးအေ ချန်ပီယံဆု ပြေးပွဲမှာ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းက ပြိုင်ဘက် အင်တာမီလန်အသင်းဟာ အဆင့်(၆)နေရာက ရိုးမားကို အံ့အားသင့်ဖွယ် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နာပိုလီဟာ ရာသီကုန်ဖို့ (၄)ပွဲအလိုမှာပဲ အမှတ်ပေးဇယား ထိပ်ဆုံးမှာ (၃)မှတ် အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါပြီ။

တွမ်မီနေး အီတလီမြေမှာ ခြေစွမ်းပြ လာကတည်းက သူ့ကို လက်လွှတ်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မကြာသေးခင်က စကော့တလန်နဲ့ လီဗာပူးလ် ကစားသမားဟောင်း ဂရေမ် ဆောင်းနက်စ်က မက်ခ်တိုမီနေးလို အရည်အသွေးရှိတဲ့ ကစားသမားကို ထွက်ခွာခွင့်ပေးခဲ့တဲ့ ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်ဟာ အလွန် ဆိုးရွားတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Photo Credit : Primicia Deportiva

နာပိုလီဟာ အသင်းသမိုင်းတစ်လျှောက် အမှတ်ပေး ချန်ပီယံဆုကို (၃)ကြိမ်သာ ဗိုလ်စွဲခဲ့ပြီး နောက်ဆုံး ဗိုလ်စွဲခဲ့တာက သိပ်မကြာသေးခင် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကပဲ ဖြစ်ပါတယ်။ အခုလည်း တစ်ရာသီ အကြာလေးမှာတင် စီးရီးအေ ချန်ပီယံဆုကို (၄)ကြိမ်မြောက်အဖြစ် ထပ်မံ ဆွတ်ခူးနိုင်ဖို့ အလားအလာကောင်းနေပြီး အင်တာကတော့ ကိုပါအီတလီယာပြိုင်ပွဲကနေ ထွက်ခွာရပြီးနောက်ပိုင်း ရလဒ်ပိုင်းတွေ ကျဆင်းလာရပါတယ်။

လက်ရှိမှာ စီးရီးအေ ဘောလုံးရာသီ ကုန်ဆုံးဖို့ကလည်း (၄)ပွဲသာ ကျန်ရှိနေတော့ပြီး နာပိုလီက စီးရီးအေ ပြိုင်ပွဲတစ်ခုတည်းကိုပဲ အာရုံစိုက်နေရတာဖြစ်လို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထိ တက်လှမ်းထားတဲ့ အင်တာထက်လည်း အားသာချက် ပိုရှိနေပါတယ်။ အင်တာကတော့ ချန်ပီယံလိဂ်မှာ ဘာစီလိုနာနဲ့ ကစားရဖို့ ရှိနေသေးတဲ့အပြင် စီးရီးအေ လက်ကျန်(၄)ပွဲရဲ့ နောက်ဆုံး(၃)ပွဲမှာ တိုရီနို လာဇီယို ကိုမိုတို့ အသင်းတွေနဲ့ ရင်ဆိုင်ရဦးမှာမို့ ပွဲကျပ်ကောင်းကျပ်နိုင်ပါတယ်။