စီးရီးအေချန်ပီယံ နာပိုလီအသင်းဟာ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့နေရာကို အစားထိုးဖို့အတွက် မန်ချက်စတာ ယူနိုက်တက်မှာ နေရာပျောက်နေတဲ့ တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်းလန်းကို ခေါ်ယူဖို့ အပြောင်းအရွှေ့ ဆွေးနွေးမှုအသစ်တွေ စတင်လိုက်ပြီ ဖြစ်ပါတယ်။

ဟွိုင်းလန်းဟာ ယူနိုက်တက်ရဲ့ ရာသီကြိုကာလကတည်းက နည်းပြ အမိုရင်ရဲ့ အသင်းကနေ ဖယ်ထုတ်ချင်တဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့ပြီး ဘင်ဂျမင် ဆက်စ်ကို ရောက်ရှိလာပြီးနောက်မှာတော့ ဒိန်းမတ်တိုက်စစ်မှူးဟာ နည်းပြရဲ့ အစီအစဉ်တွေထဲမှာ လုံးဝမပါဝင်တော့ဘူးဆိုတာ ထင်ရှားနေပါတယ်။

Photo Credit : The Football Faithful

ထိပ်တန်း ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နာပိုလီအသင်းဟာ ဟွိုင်းလန်းရဲ့ ကိုယ်စားလှယ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ကစားသမားကိုယ်တိုင်ကလည်း အီတလီမြေကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူးဖြစ်သူက အငှားစာချုပ်သက်သက်မဟုတ်ဘဲ ကလပ်အသင်းမှာ ရေရှည်ဆက်ရှိနေခွင့်ကို အာမခံချက်ပေးဖို့ တောင်းဆိုချက်အချို့ တင်ပြထားပါတယ်။

ယူနိုက်တက်အသင်းဘက်ကလည်း မျက်နှာသာမရတော့တဲ့ တိုက်စစ်မှူးကို ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေတာကြောင့် နာပိုလီနဲ့ ယူနိုက်တက်ကြားမှာ အပြောင်းအရွှေ့ ဖြစ်နိုင်ခြေအတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

Photo Credit : Goal

အင်္ဂါနေ့က အီတလီသတင်းစာ Corriere dello Sport ရဲ့ ဖော်ပြချက်မှာတော့ ယူနိုက်တက်ဟာ အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူးကို အငှားခေါ်ယူခ ယူရို (၅)သန်းမှ (၆)သန်းကြားနဲ့ တစ်ရာသီအငှားချပြီး ပေါင် သန်း (၃၀)မှ (၃၄.၅)သန်း (ယူရို ၃၅-၄၀ သန်း) ကြားရှိတဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ သဘောတူညီချက်မျိုးကို လက်ခံဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ အီတလီချန်ပီယံ နာပိုလီအပြင် အေစီမီလန်အသင်းကလည်း ဟွိုင်းလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

သရဲနီများဟာ ၂၀၂၃ ခုနှစ်မှာ အတ္တလန်တာအသင်းကနေ ဟွိုင်းလွန်းကို ခေါ်ယူခဲ့စဉ်က ၂၀၂၈ ခုနှစ်အထိ ရေရှည်စာချုပ် ချုပ်ဆိုခဲ့ပေမယ့် အင်္ဂလန်မြေမှာ သူ့ရဲ့ ခြေစွမ်းကတော့ မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၅၂)ပွဲမှာ (၁၀)ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်နိုင်တဲ့ အရည်အသွေး ရှိရဲ့လားဆိုတာကို မေးခွန်းထုတ်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။