အီတလီ စီးရီးအေချန်ပီယံ နာပိုလီအသင်းဟာ သူတို့ရဲ့ ချန်ပီယံဆုကို ကာကွယ်မယ့် ကစားသမားစာရင်းကို အင်အားဖြည့်တင်းဖို့အတွက် လီဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ယူရို(၅၅)သန်း တန်ဖိုးရှိ ပထမဆုံးတရားဝင်ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
နာမည်ကျော် အပြောင်းအရွှေ့သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ နည်းပြအန်တိုနီယို ကွန်တီဟာ လာမယ့် ၂၀၂၅-၂၆ ရာသီအတွက် တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းလိုနေတာပါ။ သူတို့ရဲ့ ပစ်မှတ်စာရင်းမှာ အူဒီးနီးစ်တိုက်စစ်မှူး လော်ရန်ဇို လုကာလို ကစားသမားတွေ ပါဝင်ပေမယ့် ဥရုဂွေးတိုက်စစ်မှူး နူနက်ဇ်ကသာ ကွန်တီရဲ့ နံပါတ်တစ်ဦးစားပေးပစ်မှတ် ဖြစ်နေပါတယ်။
Photo Credit : Football Transfer
ဒီကမ်းလှမ်းမှုဟာ နာပိုလီအသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တစ်နဲ့ နူနက်ဇ်ရဲ့ အေးဂျင့် ဖာလီ ရာမာဒါနီတို့ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ နာပိုလီရဲ့ ကမ်းလှမ်းမှုမှာ အာမခံချက်ရှိတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)နဲ့ နောက်ပိုင်းမှာ အပိုဆုကြေးအဖြစ် ယူရို(၅)သန်း ပေါင်းထည့်ပေးမယ့် အစီအစဉ် ပါဝင်ပါတယ်။ ဒါ့အပြင် ကစားသမားအတွက် တစ်နှစ်လုပ်ခလစာ ယူရို(၅)သန်းမှ (၆)သန်းကြား ပေးချေသွားမှာဖြစ်ပါတယ်။
ဒီပမာဏဟာ သူတို့ရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်တဲ့ လော်ရန်ဇို လုကာအတွက် ကုန်ကျမယ့် တန်ကြေးထက် နှစ်ဆနီးပါးအထိတောင် များနေပေမယ့် နာပိုလီဟာ လီဗာပူးလ် ကြယ်ပွင့်ကိုသာ အဓိက ရလိုနေတာဖြစ်ပါတယ်။
Photo Credit : Goal
ဥရုဂွေးတိုက်စစ်မှူးဟာလည်း လီဗာပူးလ်အသင်းမှာ ပွဲထွက်ခွင့်နေရာအတွက် အဓိကဦးစားပေးအဖြစ် မရှိတော့တဲ့နောက် အန်ဖီးလ်ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။ အထူးသဖြင့် နည်းပြကွန်တီလို ထိပ်တန်းနည်းပြတစ်ဦးနဲ့ အီတလီမှာလက်တွဲ အလုပ်လုပ်လိုနေတာကြောင့် အခုဆိုရင် ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှုရဖို့သာ လိုအပ်တော့တဲ့ အခြေအနေဖြစ်ပါတယ်။
လီဗာပူးလ်အသင်းသားတွေဟာ နည်းပြအာနေး ဆလော့ လက်အောက်မှာ ရာသီကြိုလေ့ကျင့်မှုတွေအတွက် အင်္ဂါနေ့မှာ ပြန်လည်စုဝေးကြမှာဖြစ်ပြီး ဇူလိုင်လ (၁၃)ရက်နေ့မှာတော့ ပရက်စတန်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ပထမဆုံးကစားသွားမှာ ဖြစ်ပါတယ်။